မေလ (၃)ရက်။
ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ မြန်မာက ဒုတိယအများဆုံးနိုင်ငံလို့ ယူကေရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ယူကေရဲ့ သတင်းထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ ဆိုပါတယ်။
၂၀၂၄ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုအညွှန်းကိန်းအရ နိုင်ငံပေါင်း (၁၈၀)မှာ မြန်မာက အဆင့် (၁၇၁)မှာ ရပ်တည်နေတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်ထားပါတယ်။
နောက်ပြီး အင်တာနက် ဆက်လက်ကန့်သတ်ထားတာက လူသားစာနာမှုအကူအညီအတွက် အချက်အလက်တွေ စုဆောင်းတာမှာ နှောင့်နှေးတာတွေ ဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အချိန်နဲ့တပြေးညီ ငလျင်တုံ့ပြန်ရေးတွေ ဆောင်ရွက်တဲ့အခါ အဟန့်အတားတွေ ဖြစ်စေသလို မီဒီယာကဏ္ဍက လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်ရှိရမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ယူကေအစိုးရအနေနဲ့ ပြည်သူတွေရဲ့ သတင်းလက်လှမ်းမီနိုင်တာအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်တာကို ရှုတ်ချပြီး ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
