အောက်တိုဘာလ (၃)ရက်။
မနေ့က ည (၁၀)နာရီကျော်အချိန်မှာ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ည (၁၀)နာရီ (၁၅)မိနစ်လောက် သီပေါ စံဖိတ်ရွာက ကုမုဒြာဟိုတယ်ဘက်ကို စစ်တပ်က ဗုံးလာကြဲသွားတာ။ လူထိခိုက်တာတော့ မရှိပေမယ့် ဟိုတယ်အဆောက်အဦး ပျက်စီးခဲ့တယ်” လို့ ဆိုပါတယ်။
စစ်တပ်ဟာ သီပေါမြို့ စံဖိတ်ရွာရှိ ကုမုဒြာဟိုတယ်ကို လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့ရာ ဟိုတယ်အဆောက်အဦး ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းကလဲ စစ်တပ်က သီပေါမြို့ ဘော်ကြိုရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး အရပ်သား (၃)ဦး ဒဏ်ရာရကာ နေအိမ် (၃)လုံး ပျက်စီးခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ နောင်ချိုနဲ့ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်လာနိုင်တယ်ဆိုပြီး စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ကျောက်မဲမြို့ကို လက်လွှတ်ခဲ့ရတာဟာ ဆက်လက်ခုခံဖို့ ခက်ခဲတာကြောင့် ယာယီဆုတ်ခွာပေးခဲ့ရတာဖြစ်ပြီး သင်ခန်းစာရယူကာ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ ပြန်လည်ဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
