နိုဝင်ဘာလ (၃)ရက်။
ရွေးကောက်ပွဲဖြစ်မြောက်ဖို့ဆိုပြီး စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ရှိ ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မြဝတီက ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတွေကို စကမကနေပြီး အင်အားအလုံးအရင်းနဲ့ကော ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေ၊ မစ်ဇိုင်းတွေ၊ လေကြောင်းပစ်ကူတွေနဲ့ စစ်ကြောင်းထိုးလာတာ၊ အဲ့ဒီစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်နေတာ” လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ရှိ ကျေးရွာတွေကို ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေအပါအဝင် တာဝေးပစ်ဒုံးကျည်တွေနဲ့ လေကြောင်းပစ်ကူတို့နဲ့ သာလွန်အင်အားအသုံးပြုပြီး စစ်ကြောင်းထိုးခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီထိတွေ့တာတွေမှာ အောက်တိုဘာလ (၃၁)ရက်နေ့တိုက်ပွဲထဲ စစ်ကော်မရှင်တပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ထွက်ပြေးတာတွေ၊ အလင်းဝင်တာတွေအပြင် ဖမ်းဆီးရမိတာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲထဲ စစ်ကော်မရှင်ထံကနေ ခဲယမ်းမီးကျောက်အမြောက်အများကိုလဲ သိမ်းဆည်းရမိခဲ့တာကို သတင်းဓါတ်ပုံနဲ့တကွ အသိပေးထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ KNLA ဦးဆောင်တဲ့ ဗျူဟာ(၃၂) ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ဗီနွန်စစ်ကြောင်း၊ Justice soldier တပ်ဖွဲ့တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ထွက်ပေါက်မဟုတ်တဲ့ နည်းစနစ်နဲ့ ယုတ်မာရက်စက်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေမပါဝင်ဖို့ တိုက်တွန်းထားကာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








