နိုဝင်ဘာလ (၃)ရက်။
အပစ်ရပ်ကာလမှာ တအာင်းပြည်ရဲ့ ဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီလိုအပစ်ရပ်ကာလမှာ ခရီးသွားပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရပ်မြို့ရွာကို လွတ်လပ်စွာ ခရီးသွားလာနိုင်တယ်လို့ အသိပေးထားပါတယ်။
စစ်တပ်ဟာ တအာင်းပြည်ထဲ လေကြောင်းတိုက်ခိုက်တာတွေကို နေ့တိုင်း အပြင်းအထန် ပြုလုပ်ခဲ့ကာ အောက်တိုဘာလထဲ သံဃာနဲ့ ကလေးတွေအပါအဝင် ပြည်သူ (၅၀)ကျော် သေဆုံးခဲ့ပြီး (၈၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် TNLA အနေနဲ့ စစ်တပ်နဲ့ အပစ်ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုးရတာဟာ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့နဲ့ ထိခိုက်တာ လျော့နည်းစေဖို့ ရည်ရွယ်ပြီး အခုလို ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရတာလို့ TNLA က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ကူမင်းဆွေးနွေးပွဲမှာ TNLA နဲ့ စစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပါတယ်။
အဲ့ဒီနောက် ဗိုလ်ချုပ် တားဘုန်းကျော်က အပစ်ရပ်တာနဲ့ပတ်သက်ပြီး ပေါက်ကွဲမှုတွေ ပြင်းထန်တာကို နားလည်ကာ လေယာဉ်ဗုံးကြဲတဲ့ဒဏ်ကို ခံနေရတဲ့ကာလဖြစ်ပြီး ဖိအားများပြီး နားတာဖြစ်သလို အားကုန်စုဖို့ နားတာလို့ ပြောဆိုထားချက်အရ သိရပါတယ်။








