အောက်တိုဘာလ (၄)ရက်။
ဒီကနေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့ကညပိုင်းမှာ မင်းအောင်လှိုင်က မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်ပွဲတက်ဖို့ ပြင်ဦးလွင်ကနေ မန္တလေးကိုရောက်ပြီး ခဏဝင်တည်းတဲ့ လပခထဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည်ပွဲတက်ဖို့ ပြင်ဦးလွင်ကနေ မန္တလေးမြို့ကို ရောက်ရှိပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တည်းခိုနေတာကို သတင်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝင်ရောက်တည်းခိုနေချိန် BWM က စစ်ဆင်ရေး(၄၆)အနေနဲ့ ရှော့တိုက်ဒုံး (၂)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး မင်းအောင်လှိုင်ဟာ အရပ်သားအများအပြားကို လူသားဒိုင်းအနေနဲ့ အကာအကွယ်ယူပြီး မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကို တက်ရောက်မှာဖြစ်သလို အခမ်းအနားကို တိုက်ခိုက်တာက ပိုပြီးလွယ်ကူပေမယ့် အရပ်သားတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် လပခထဲကိုသာ တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးဟာ နာရီပိုင်းထဲ ရုတ်တရက်စီစဉ်ရတဲ့ စစ်ဆင်ရေးဖြစ်ပေမယ့် မင်းအောင်လှိုင်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခဲ့သလို လပခထဲက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးကို BWM ဦးဆောင်ပြီး No More Dictatorship(NMD-PDF)၊ People Servant Force(PSF)နဲ့ ရတနာပုံတပ်ဦးတို့ လုပ်ဆောင်ခဲ့ကာ ကူညီပေးခဲ့တဲ့ နယ်မြေမဟာမိတ်တွေကို ကျေးဇူးတင်တယ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။
