နိုဝင်ဘာလ (၅)ရက်။
မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့က ဖျော်ဖြေခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကြူကြူလှအပြင် စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဇနီးတွေ၊ စစ်တပ်အရာရှိတွေနဲ့ ဇနီးတွေအပါအဝင် ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဗိုစီဗစ်အနုပညာရှင်တွေရဲ့ ဂုဏ်ပြုဖျော်ဖြေပွဲကို “ မဟာရုရှားနဲ့ ဆိုက်ဘေးရီးယား” အမည်နဲ့ ပဒေသာကပွဲပြုလုပ်ပြီး အခမ်းအနား မပြီးဆုံးခင်မှာ “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ “ လတ်တီး” သီချင်းဟာ နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့ရဲ့ အနုပညာရှင်တွေက မြန်မာနိုင်ငံအတွက် အထူးဖန်တီးထားတာဆိုပြီး သိရပါတယ်။
အဲ့ဒီဖျော်ဖြေပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်တာကို ပိုမိုမြှင့်တင်ဆောင်ရွက်ဖို့နဲ့ ဖျော်ဖြေပွဲဟာ နှစ်နိုင်ငံအကြား နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးကို များစွာ အထောက်အကူပြုတယ်လို့ မိန့်ခွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံခဲ့ချိန် ထုတ်ကုန်ပစ္စည်းတွေ အပြန်အလှန်တင်ပို့ကာ ကုန်သွယ်ဖို့ မြှင့်တင်ဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်လက်တိုးမြှင့်သွားမယ့် အခြေအနေကို ဆွေးနွေးခဲ့ကြပါသေးတယ်။
တွေ့ဆုံပွဲထဲ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံတာအပါအဝင် ရွေးကောက်ပွဲ ကျင်းပပြီးချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းမယ့် အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။








