ဖေဖော်ဝါရီလ (၆)ရက်။
သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စံဖိတ်ကျေးရွာမှာ ဖုန်းအသုံးပြုနေတဲ့ ဒေသခံ (၄၀)ကျော်ကို TNLA တပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ သျှမ်းသံတော်ဆင့်က ဖော်ပြခဲ့တာကို TNLA ဘက်က ငြင်းဆိုထားပါတယ်။
အဲ့ဒီသတင်းဖော်ပြချက်ကြောင့် TNLA အနေနဲ့ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးခဲ့ရာ စံဖိတ်ကျေးရွာက ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ မရှိဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် သီပေါမြို့ စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀)ကျော်ကို TNLA တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းဟာ သတင်းအတု၊ သတင်းအမှားသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် PSLF/TNLA အုပ်ချုပ်နယ်မြေထဲ ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ ရှိလာပါက သက်ဆိုင်ရာမြို့နယ်ရဲစခန်းနဲ့ ပြည်သူ့စင်တာကို ဆက်သွယ်တိုင်ကြားဖို့ အသိပေးထားပါတယ်။
နောက်ပြီး သီပေါမြို့နယ်ရှိ ကျေးရွာအချို့မှာလဲ တအာင်းလူမျိုးတွေကို ပစ်မှတ်ထားပြီး အတင်းအကြပ်စုဆောင်းတာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေကာ ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA ဘက်က ထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2025/02/1_305.jpg)