ဩဂုတ်လ (၆)ရက်။
မနေ့က နေပြည်တော်မှာ တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ရန်ပုံငွေလွှဲပြောင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို စစ်ကော်မရှင်ဝန်ကြီး (၁၀)ဦးနဲ့ ဒုဝန်ကြီးတွေအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် တရုတ်က အမေရိကန်ဒေါ်လာ (၃)ဒသမ(၃)သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မဲခေါင်မြစ်ဝှမ်းတလျှောက်ရှိ ပြည်သူတွေအတွက် (၉)နှစ်တာကာလထဲ အဖွဲ့ဝင်နိုင်ငံတွေကနေ စီမံကိန်းပေါင်း (၉၈၄)ခုကို ပံ့ပိုးကူညီခဲ့တယ်လို့ စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေက ပြောဆိုခဲ့ပါတယ်။
အဲ့ဒီအထဲ တရုတ်နိုင်ငံက ၂၀၁၇ခုနှစ်ကစပြီး မြန်မာကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်ကနေ အမေရိကန်ဒေါ်လာ (၃၈)ဒသမ(၃)သန်း ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစပျိုးတဲ့နေရာဖြစ်ပြီး ၂၀၁၈ခုနှစ်ကစပြီး အထူးရန်ပုံငွေအနေနဲ့ စီမံကိန်းစုစုပေါင်း (၁၃၂)ခု ရရှိခဲ့ရာ မဲခေါင်နိုင်ငံတွေအားလုံးမှာ အရေအတွက်အများဆုံးရရှိတာလို့ သိရပါတယ်။
