ဩဂုတ်လ (၆)ရက်။
ဩဂုတ်လ (၃)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝင်းဝကျေးရွာကို ဝင်ရောက်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဝင်းဝတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး စခန်းစွန့်ခွာထွက်ပြေးတာကြောင့်ဆိုပြီး လိုက်ဖမ်းတဲ့အချိန် ဝင်းဝရွာထဲဝင်ပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်တာ။ ပြီးတော့ ရွာသားတစ်ဦးကို ပစ်သတ်သွားတယ်” လို့ ဆိုပါတယ်။
အဲ့ဒီနေ့က စစ်ကောင်စီတပ်ရဲ့ ခလရတပ်ရင်း(၄၀၃)၊ ဝင်းဝတပ်စခန်းကနေ တပ်ဖွဲ့ဝင် (၂)ဦး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့်ဆိုပြီး လိုက်လံဖမ်းဆီးချိန် ဝင်းဝရွာထဲ ဝင်ရောက်ကာ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ကျေးရွာထဲဝင်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးစစ်ဆေးခဲ့ကာ အသက် (၅၈)နှစ်အရွယ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး အခြားရွာသူရွာသားတွေကိုလဲ တပ်စခန်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဩဂုတ်လ (၄)ရက်နေ့ နံနက် (၁)နာရီဝန်းကျင်လောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီဝင်းဝတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးဟာ KNLA တပ်မဟာ (၄)၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၂)ထံ လက်နက်နဲ့အတူ အလင်းဝင်ခဲ့ကြတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
