နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်

ဆောင်းပါးများ

ဆောင်းပါးများ ဘာသာပြန်ဆောင်းပါး အတွေးအမြင်ကဏ္ဍ

ဘဝကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဟောကြားချက်များ

ဤအကြောင်းအရာများကို ဂျပန်လူငယ် YouTuber ကူရိုမာရု၏ ပြောထားချက်များကို Grace မှ ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဤနေရာတွင် ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့မှ ဘာသာပြန်နှင့် အခြားစာပေများကို ခေတ်မျက်လုံး သတင်းဌာနအတွက် ဘာသာပြန် ရေးသားပေးနေသူ Grace ကို မိတ်ဆက်ပေးလိုပါသည်။ Grace သည် ဂျပန်နိုင်ငံ တက္ကသိုလ်တခုတွင် ပါရဂူတန်း တက်ရောက်နေသူ ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနှင့် မြန်မာဘာသာများကို ကျွမ်းကျင်စွာ ရေးဖတ်ပြောဆိုနိုင်သူ Multilingual တစ်ဦး ဖြစ်ပါသည်။ သူသည် ဂျပန်ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာတရားနှင့် သဘာဝလွန်ဖြစ်စဉ်များကို စိတ်ဝင်စား လေ့လာနေသူ ဖြစ်ပါသည်။ သူသည် Meditation ကျင့်စဉ်များ ကိုလည်း ကျင့်ကြံနေသူတစ်ဦးဖြစ်ပါသည်။ ခေတ်မျက်လုံးအတွက် ဂျပန်နှင့် အင်္ဂလိပ်ဘာသာ နိုင်ငံရေး ဆောင်းပါးများကိုလည်း ဘာသာပြန်ပေးနေသူဖြစ်ပါသည်။ သူ၏ဘာသာပြန်ထားသည်များထဲမှ “ဘဝကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဟောကြားချက်များ” ကို ဖော်ပြပေးလိုက်ပါသည်။

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

ဘဝကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဟောကြားချက်များ
ကျွန်တော်တို့မျက်မှောက်ခေတ်လူသားများသည် နေ့စဉ်နှင့်အမျှ များပြားလှသော အချက်အလက်များကို ရရှိနေသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ လူများသည် လူမှုဆက်ဆံရေး ပြဿနာများနှင့် အနာဂတ်အတွက် မရေရာသော စိုးရိမ်စိတ်များကို ခံစားနေကြရပါသည်။ လူမှုကွန်ရက် (SNS) ပေါ်မှ မကောင်းသော မှတ်ချက်များ၊ အလုပ်ခွင်မှ ခံစားချက်မဲ့သော စကားတစ်ခွန်း သို့မဟုတ် မိသားစုဝင်များ၏စကားကြောင့်ပင် စိတ်နှလုံး နာကျင်ခံစားနေရသည်ဟု ခံစားရသူများလည်း ရှိနိုင်ပါသည်။ သို့သော် အခြားတစ်ဖက်တွင်မူ အလားတူ အခြေအနေများ ဖြစ်ပေါ်သည့်တိုင် လုံးဝ မတုန်လှုပ်သူများလည်း ရှိနေပါသည်။

ထိုခြားနားချက်က ဘာကြောင့် ဖြစ်ပေါ်ရပါသလဲ။ ပိုမို ငြိမ်သက်စွာ၊ ပေါ့ပေါ့ပါးပါး ငြိမ်းချမ်းစွာ နေထိုင်နိုင်ပြီး အခြား သူများ၏ စကားများကြောင့် လုံးဝ စိတ်မလှုပ်ရှားဘဲ နေလိုပါသလား။ သင်တို့အားလုံး ဆန္ဒရှိပါက ဗုဒ္ဓ၏ ဟောကြား ချက်များက သင်တို့ဘဝအတွက် ကြီးမားသော လမ်းညွှန်ချက်ကို ပေးစွမ်းနိုင်ပါလိမ့်မည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က အိန္ဒိယတွင် ဟောကြားခဲ့သော်လည်း ဤရှေးကျသော ဉာဏ်ပညာသည် အံ့ဩဖွယ်ကောင်းလောက်အောင် ခေတ်သစ်နှင့် ကိုက်ညီပြီး မည်သည့်အခြေအနေမျိုးတွင်မဆို တုန်လှုပ်ခြင်းမရှိသော ခိုင်မာသည့်စိတ်ကို ဆောင်ကျဉ်းပေးနိုင် ပါသည်။

လူသားများတွင် မည်သည့်ခေတ်အခါတွင်မဆို ပြဿနာနှင့် စိုးရိမ်ပူပန်မှုများ ရှိနေမြဲပင်ဖြစ်ပြီး အမြဲတစေ စိတ်ပူပန်ရင်း နေထိုင်ကြရသည်ဟု ဆိုနိုင်ပါသည်။ ထိုသို့သော ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ဗုဒ္ဓ၏ ဟောကြားချက်များသည် ယင်းပြဿနာများကို ပြေလည်စေရန် လမ်းညွှန်ချက်များကို ပေးနိုင်ပါသည်။

ဉာဏ်အလင်း ရရှိခဲ့သော ဗုဒ္ဓသည် ဆင်းရဲဒုက္ခ၏ အကြောင်းအရင်းမှာ မိမိစိတ်၏အလိုဆန္ဒ အတိုင်းမဖြစ်လာသည့်အခါ စိတ်ဆင်းရဲခြင်းဒေါသဖြစ်ခြင်းတို့ဖြစ်ပေါ်လာ ခဲ့ပြီး အလိုဆန္ဒ အတိုင်းမဖြစ်လာသည့်အခါယင်းကိစ္စသည် မိမိအလိုဆန္ဒ ကြောင့်ဖြစ်လာရသည်ကိုသိရှိသတိပြုမိခြင်းဖြင့်‌ဒေါသဖြစ်လာစေခြင်းကို သတိဖြင့်လက်မခံခြင်းအားဖြင့်ဒေါသ စိတ်ကို ကာကွယ်တားဆီးနိုင်ကြောင်းစသည့် အတွေးအခေါ်များဖြင့် ပြဿနာများကို လျှော့ချရန် နည်းလမ်းများကို ဟောကြားခဲ့သည်ဟု ဆိုကြပါသည်။

“ဗုဒ္ဓ” ဟု ပြောလျှင် ဘာသာရေးပုံရိပ်ကို မြင်ယောင်မိနိုင်သော်လည်း သူ၏ဟောကြားချက်များသည် ဘဝကို အောင်မြင်စွာ ဖြတ်သန်းနိုင်ရန် လက်တွေ့ကျသည့်နည်းလမ်းဖြစ်ပြီး ဤမျက်မှောက်ခေတ်နှင့် အလွန်ကိုက်ညီသည်ဟု ကျွန်တော်ထင်ပါသည်။ 

ယခုတစ်ကြိမ်တွင် လူအများစု မသိသေးသော ဗုဒ္ဓ၏ ဘဝဇာတ်ကြောင်းနှင့် အတွေးအခေါ်များကို မိတ်ဆက်ပေးပါမည်။ ဤအကြောင်းအရာများကို ဖတ်ပြီးပါက မည်သူ့စကားများကြောင့်မဆို စိတ်မလှုပ်ရှားတော့ဘဲ ငြိမ်သက်စွာ နေထိုင်နိုင်မည့် လမ်းညွှန်ချက်ကို သင်တို့ မလွဲမသွေ တွေ့ရှိရပါလိမ့်မည်။

ဗုဒ္ဓရှာဖွေတွေ့ရှိခဲ့သည့်ဆင်းရဲဒုက္ခ၏ဇာစ်မြစ်
ပထမဆုံးအနေဖြင့် ကျွန်တော်တို့သည် မည်သူတစ်ဦးတစ်ယောက်၏စကားကြောင့်မဆို စိတ်ထိခိုက်ခြင်းမရှိသည့် စိတ်ထားကို ပျိုးထောင်နိုင်ရန်၊ လူအများစု မသိသေးသော ဗုဒ္ဓ၏ ခက်ခဲကြမ်းတမ်းသော အစပြုချိန်ဇာတ်လမ်းမှ စတင်ပြောပြပါမည်။ လူသားများသည် အခြားသူတစ်ဦး၏စကားကြောင့် စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

သင့်ဦးနှောက်က စိတ်ထဲမထားသင့်ဘူး (လျစ်လျူရှုရမည်) ဟု သိသော်ငြားလည်း သင့်စိတ်နှလုံးက အလိုအလျောက် တုံ့ပြန်ပြီး ဒေါသဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ နိမ့်ကျသည်ဟု ခံစားရခြင်း စသည့် ခံစားချက်များ ပေါ်ပေါက်လာတတ်ပါသည်။ ဤတုံ့ပြန်မှုသည် ကျွန်တော်တို့ ဆင်းရဲဒုက္ခကို ခံစားရခြင်း၏ စတင်ရာပင် ဖြစ်ပါသည်။

ဗုဒ္ဓသည် ဤသို့တုံ့ပြန်မှုမှ ကျော်လွှားနိုင်မည့်လမ်းကို ညွှန်ပြခဲ့သူ ဖြစ်ပါသည်။ စဉ်းစားကြည့်လျှင် ရှေးခေတ်နှင့် ယနေ့ခေတ် လူ့သဘာဝသည် မပြောင်းလဲသေးကြောင်း သိရပါသည်။ ယခုမှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က ရှေးခေတ်အိန္ဒိယ၌ Siddhartha Gautama သိဒ္ဓတ္ထဂေါတမမည်သော မင်းသားတစ်ပါး ရှိခဲ့ပါသည်။ နောက်ပိုင်းတွင် ဗုဒ္ဓဟု ခေါ်ဆိုခဲ့ကြပြီး နိုးကြားသူ (သို့) အလင်းရသူဟု ခေါ်တွင်ခံခဲ့ရသူ ဖြစ်ပါသည်။ သူသည် ဇာတ်အနိမ့်အမြင့်ရှိသောစနစ်တွင် မင်းမျိုးမင်းနွယ် အဖြစ်အထွတ်အထိပ်၌ မွေးဖွားလာခဲ့ပြီး အပူအပင်မရှိသော ဇိမ်ခံဘဝကို ဖြတ်သန်းခဲ့ရပါသည်။ ဖခင်ဖြစ်သူ ဘုရင်သည် သူ၏သားတော် နောင်တစ်ချိန်တွင် ကြီးမြတ်သောဘုရင် ဖြစ်လာမည်ဟု မျှော်လင့်ကာ နန်းတော်အတွင်း ပိတ်လှောင်ထားပြီး အိုခြင်း၊ နာခြင်း၊ သေခြင်း စသည့် လောက၏ ဆင်းရဲဒုက္ခများကို လုံးဝမမြင်စေဘဲ ပြုစုပျိုးထောင်ခဲ့ပါသည်။ သူသည် အလွန်အမင်း ထိန်းချုပ်ခံရသော သားတော်တစ်ပါး ဖြစ်ခဲ့သည်ဟု ဆိုရမည်။ လူတိုင်း အားကျရမည့် သာယာချမ်းမြေ့သည့် ဘဝတစ်ခု အာမခံထားပြီးသား ဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် သိဒ္ဓတ္ထမင်းသားသည် တစ်နေ့တွင် နန်းတော်အပြင်သို့ ထွက်ခွာခဲ့သည်။ ထိုအခါ သူသည် ပထမဆုံးအကြိမ်အဖြစ် အိုမင်းမှုကြောင့် ခါးကုန်းနေသော သူအိုတစ်ဦးကို တွေ့ဆုံခဲ့ရသည်။ နောက်တွင် ပိန်ချုံးနွမ်းနယ်နေသော လူနာတစ်ဦးနှင့် နောက်ဆုံးတွင် သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းကို တွေ့မြင်ခဲ့ရသည်။ မင်းသားသည် ဤလောက၌ မည်သူမျှ ရှောင်လွှဲ၍မရသော အိုခြင်း၊ နာခြင်း၊ သေခြင်း ဟူသည့် ဆင်းရဲဒုက္ခများ ရှိသည်ကို သိရှိသွားပြီး ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားခဲ့ရပါသည်။ ထိုအချိန်တွင် သူ ယခင်က ရရှိခဲ့သော ပျော်ရွှင်မှုနှင့် ဇိမ်ခံမှုအားလုံးသည် တစ်ခဏချင်းအတွင်း အရောင်မှိန်သွားခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး သူ၏ဘဝသည် လုံးဝပြောင်းလဲသွားခဲ့သည်။

လူသားတို့သည် အဘယ်ကြောင့် ဤမျှလောက် ဆင်းရဲဒုက္ခ ခံစားရပါသလဲ။
သူသည် အံ့ဩစရာကောင်းလောက်အောင်ပင် ယင်းအဖြေကို ရှာဖွေရန်အတွက် မင်းသားဘဝကို စွန့်လွှတ်ပြီး နန်းတော်မှ ထွက်ခွာသွားခဲ့ပါသည်။ ရဟန်းအဖြစ်ခံယူကာ ခက်ခဲကြမ်းတမ်းသော ကျင့်စဉ်လမ်းသို့ ခြေချခဲ့ခြင်း ဖြစ်ပါသည်။ ပုံမှန်အားဖြင့် မည်သူမျှ သူ့လို လုပ်နိုင်ကြမည် မဟုတ်ပါကျွန်တော်သာ အိမ်ရှေ့မင်းသားဖြစ်ခဲ့လျှင် ရဟန်းပြုမည် မဟုတ်ပါ။ ဤဇာတ်လမ်းသည် စတုရင်္ဂါဘိနိက္ခမဏ (လူ့ဘောင်မှ စွန့်ခွာခြင်း) ဟု ခေါ်သော သူ၏ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည့်ဖြစ်ရပ် ဖြစ်ပါသည်။ ထို့နောက် သူ၏ဘဝကိုရင်း၍ ရှာဖွေတွေ့ရှိခဲ့မှုများသည် ဗုဒ္ဓ၏ ဟောကြားချက်များ၏ အရင်းအမြစ် ဖြစ်လာခဲ့သည်။

သို့သော်လည်း ရဟန်းပြုပြီးနောက်တွင် ပညာရှိ အမျိုးမျိုးထံမှ သင်ယူကာ ကျင့်ကြံအားထုတ်ခဲ့သော်လည်း စစ်မှန်သော အသိဉာဏ် (သို့) အလုံးစုံသော အသိဉာဏ်ကို မရရှိခဲ့ပေ။ ထို့ကြောင့် သူသည် မိမိကိုယ်တိုင် အပြင်းထန်ဆုံး ဒုက္ကရစရိယာ (ခက်ခဲစွာ ကျင့်ကြံခြင်း) သို့ ဝင်ရောက်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် ပိန်ချုံးကာ အသက်သေဆုံးခါနီးသို့ ရောက်ရှိခဲ့ပါသည်။

ထိုကဲ့သို့ ခြောက်နှစ်ကြာမျှ ပြင်းထန်သော ဒုက္ကရစရိယာကို ကျင့်ကြံပြီးနောက်တွင်၊ ဒုက္ကရစရိယာဖြင့် အသိဉာဏ် (သို့) ဉာဏ်အလင်းကို မရနိုင်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။ ထို့နောက် ကျင့်ကြံမှုကို ရပ်တန့်ကာ သုဇာတာ မည်သော သမီးပျိုက လှူဒါန်းသော နို့ဃနာ (နို့ဖြင့်ချက်ထားသောထမင်း) ကို ဘုဉ်းပေးသောအခါ ဤသို့ တွေးတောမိသည်။ အလွန်အမင်း သာယာမှု(ကိလေသာခံစားမှု)နှင့် ဒုက္ကရစရိယာ (ခက်ခဲစွာ ကျင့်ကြံခြင်း) နှစ်ခုစလုံးသည် မှန်ကန်သော လမ်းမဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် အရေးပါသော အယူအဆဖြစ်သည့် မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်း) ဖြစ်ပါသည်။ မည်သည့်အရာမဆို မျှတမှုသည် အရေးကြီးသည် ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ သူသည် အစွန်းရောက်သော အခြေအနေ နှစ်ခုလုံးကို တွေ့ကြုံခံစားခဲ့ရသောကြောင့်သာ ထိုအသိကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။

နောက်ဆုံးတွင် ဘုရားလောင်းသည် ဗောဓိပင်အောက်၌ အနက်ရှိုင်းဆုံးသော တရားထိုင်ခြင်း (ဝိပဿနာ) ကို ဝင်ရောက်ခဲ့ပြီး အသိဉာဏ် (သို့) ဉာဏ်အလင်းကို ရရှိခဲ့သည်။ ဗုဒ္ဓ ဆိုသည်မှာ နိုးကြားသူ (သို့) ဉာဏ်အလင်းရသူဟု အဓိပ္ပာယ်ရပြီး ၎င်းသည် အသိဉာဏ်ရရှိသူအား ပေးအပ်သည့် ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဗုဒ္ဓက ဉာဏ်အလင်း ရရှိခဲ့သည်မှာ ပြင်ပကမ္ဘာကို ပြောင်းလဲခြင်းမဟုတ်ဘဲ မိမိစိတ်၏အခြေအနေကို ပြောင်းလဲခြင်း ဖြစ်သည်။ ဗုဒ္ဓ၏ အဆုံးအမများတွင်၊ အရာအားလုံးသည် ပြောင်းလဲနေပြီး မပြောင်းလဲသောအရာ မရှိကြောင်း ဖော်ပြသော အနိစ္စ (အားလုံး မမြဲခြင်း)၊ သီးခြားခိုင်မာသော “ ငါ” ဟူသည့် အရာသည်လည်း အမှန်တကယ် မတည်ရှိကြောင်း ဖော်ပြသော အနတ္တ (အတ္တ မရှိခြင်း) နှင့် ဤလောကရှိ အရာအားလုံးသည် အနှစ်သာရအားဖြင့် ဆင်းရဲဒုက္ခ (ဒုက္ခသစ္စာ) ကို အခြေခံထားသည်ဟူသော အချက်များ ပါဝင်သည်။ ဤသို့သော အသိဉာဏ်များစွာထဲမှ အရေးကြီးဆုံးမှာ ထိုကဲ့သို့သော အရာများအပေါ် တွယ်တာမှုကို စွန့်ပစ်ခြင်းဖြင့် ဆင်းရဲဒုက္ခမှ ကင်းဝေးသောဘဝကို နေထိုင်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

နားလည်သလိုနှင့် နားလည်ရခက်ခဲသကဲ့သို့ ခံစားရနိုင်သော ဤအဆုံးအမကို ထိုခေတ်က လူများ နားလည်နိုင်ပါ့မလားဟု သူ စဉ်းစားပူပန်ခဲ့သည်ဟု ဆိုပါသည်။ သို့သော်လည်း သူသည် ဤတရားတော်ကို ဟောကြားရန် ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်သည် လက်ခံမှု ရရှိကာ ဆက်လက် ပြန့်ပွားလာခဲ့သည့် သမိုင်းကြောင်း ရှိသောကြောင့် ယနေ့ခေတ် ကျွန်တော်တို့သည်ပင်လျှင် ဤအရာများစွာကို ကြားဖူးနားဝ ရှိနေကြခြင်း ဖြစ်ပါသည်။

ဆင်းရဲဒုက္ခ၏ ဇာစ်မြစ်နှင့် လွတ်မြောက်ရေး
နောက်ဆုံးအနေဖြင့် ဤအရာများသည် လူသားတို့၏ အခြေခံသဘာဝနှင့် သက်ဆိုင်သောကြောင့် မည်သည့် ခေတ်အခါတွင်မဆို အကျိုးသက်ရောက်နိုင်သည်ဟု ကျွန်တော် ထင်ပါသည်။ ယခု ဗုဒ္ဓပြောပြခဲ့သော ဆင်းရဲဒုက္ခ၏ ဇာစ်မြစ်ကို အသေးစိတ် နက်နက်နဲနဲ လေ့လာကြည့်ပါစို့။

ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း
ဆင်းရဲဒုက္ခ၏ ဇာစ်မြစ်အရင်းအမြစ်သည် အဘယ်အရာဖြစ်ပါသနည်း။ အမှန်တကယ်တွင် ၎င်းသည် စိတ်၏ တုံ့ပြန်မှုနှင့် စွဲလမ်းတွယ်တာမှုတို့တွင် တည်ရှိသည်ဟု ဆိုပါသည်။ ကျွန်တော်တို့သည် အနာဂတ်အတွက် စိုးရိမ်ပူပန်ခြင်း သို့မဟုတ် လူမှုဆက်ဆံရေး ဖိစီးမှုများကြောင့် စိတ်ပူပန်သောအခါ၊ ၎င်း၏ အရင်းခံတွင် စိတ်၏ တုံ့ပြန်မှု တစ်ခုခု အမြဲရှိနေသည်ဟု ဗုဒ္ဓက ဟောကြားခဲ့သည်။ ထိုစိတ်၏ တုံ့ပြန်မှုများ၏ အောက်ခြေတွင် မရပ်မနား ရှာဖွေလိုသော တောင့်တစိတ်သည် ဖုံးကွယ်နေပါသည်။ အထူးသဖြင့်၊ ယနေ့ခေတ်လူများအတွက် ပြဿနာဖြစ်လေ့ရှိသည်မှာ အသိအမှတ်ပြုခံလိုစိတ် (လူရာဝင်လိုစိတ်) ဖြစ်သည်။ အခြားသူများက မိမိကို အသိအမှတ်ပြုစေလိုခြင်းနှင့် တန်ဖိုးထားစေလိုခြင်းဟူသော ဆန္ဒသည် သဘာဝကျသော်လည်း ၎င်းသည် အလွန်အကျွံ ပြင်းထန်သောအခါ အခြားသူများ၏ အမြင်ကိုသာ အာရုံစိုက်ခြင်း၊ ပိုမို အသိအမှတ်ပြုခံလိုသော တောင့်တမှုမှ မနာလိုမှု၊ နိမ့်ကျသည်ဟု ခံစားရမှုနှင့် အခြားသူများအပေါ် မကျေနပ်မှုတို့ဆီသို့ ဦးတည်သွားစေပါသည်။ ဗုဒ္ဓ၏ ဟောကြားချက်များက အခြားသူများ၏ သေးငယ်သော အပြုအမူများနှင့် စကားများကို မြင်တွေ့ကာ မကျေမနပ် ဖြစ်ရခြင်းသည် ကျွန်တော်တို့၏ အသိအမှတ်ပြုခံလိုစိတ် မပြည့်ဝခြင်းကြောင့် ပေါ်ပေါက်လာသည့် ခံစားချက်များ ဖြစ်သည်ဟု ဟောကြားထားပါသည်။ ယခုခေတ်တွင် လူမှုကွန်ရက် (SNS) များ ရှိနေသောကြောင့် ယင်းသို့ နိမ့်ကျသည်ဟု ခံစားရလွယ်ပါသည်။ ကျွန်တော်တို့၏ မကျေနပ်မှုများသည် အမြဲတမ်း ပြင်ပသို့ အလွန်အကျွံ တောင်းဆို လွန်းနေသည့် အချက်မှ ဖြစ်ပေါ်လာသည်ဟု စဉ်းစားမိနိုင်ပါသည်။

ထို့ပြင် ကျွန်တော်တို့သည် အမြဲတစေ အတွေးအတုအယောင်များ၏ကွင်းဆက်တွင် ပိတ်မိနေသည်ဟု ဆိုပါသည်။ အတိတ်က အမှားများကို နောင်တရခြင်း၊ အနာဂတ်အတွက် စိတ်ကူး၍စိုးရိမ်ပူပန်မှုများဖြစ်နေခြင်း၊ မဖြစ်သေးသော အရာများကို အမျိုးမျိုး တွေးတောခြင်းကြောက်ရွံ့ခြင်း စသည်တို့သည် လူသားများကို ဆင်းရဲဒုက္ခပေးသည့် ဦးနှောက်အတွင်းမှ စိတ်ကူးယဉ် ဇာတ်လမ်းများပင် ဖြစ်သည်။ ဤသို့ဖြစ်ရမည်၊ ဤသို့ မဟုတ်လျှင် မဖြစ်ဟူသော အစွဲအလမ်းများ၊ ယူဆချက်များနှင့် ဆုံးဖြတ်မှုများသည် အမှန်တကယ်တွင် ရိုးရှင်းသော အတွေးအတုအယောင်များသာ ဖြစ်ပြီး ၎င်းတို့ မပြည့်မြောက်သောအခါ (မိမိဖြစ်ချင်သလို ဖြစ်မလာသည့်အခါ) ကျွန်တော်တို့သည် နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားရပါသည်။ အနှစ်ချုပ်အားဖြင့်၊ ကျွန်တော်တို့သည် ပြင်ပကမ္ဘာ သို့မဟုတ် အတွေးအတုအယောင်ကမ္ဘာတွင် ဆင်းရဲဒုက္ခ ရောက်နေခြင်း ဖြစ်ကြောင်းအကြမ်းဖျင်းအားဖြင့် နားလည်နိုင်မည်ဟု ထင်ပါသည်။

လွတ်မြောက်ရန် လမ်းကြောင်း
သို့ဆိုလျှင် ဤတောင့်တသောစိတ်နှင့် အတွေးအတုအယောင်များကြောင့် ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် မည်သို့ ပြုလုပ်ရမည်နည်း။ ဗုဒ္ဓသည် စိတ်၏တုံ့ပြန်မှုကို ရပ်တန့်ရန်နှင့် စွဲလမ်းတွယ်တာမှုကို စွန့်လွှတ်ရန်အတွက် တိကျသော ကျင့်စဉ်နည်းလမ်းများကို ဟောကြားခဲ့သည်။ပထမဦးစွာ အရေးကြီးသည်မှာ မိမိ၏ စိတ်အခြေအနေကို ဘက်မလိုက်ဘဲ စောင့်ကြည့် လေ့လာခြင်းနှင့် နားလည်ခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။ ဥပမာအားဖြင့်၊ ကိုယ်စိတ်တိုနေကြောင်း သတိပြုမိလျှင် “ ဪ၊ ငါ အခု စိတ်တိုနေပါလား” ဟု စိတ်ထဲမှ ပြောကာ တံဆိပ်ကပ်ခြင်း (Labeling) ကို ပြုလုပ်ပါ။ ခံစားချက်များက ကိုယ့်ကို လွှမ်းမိုးသွားခြင်းအစား၊ ဘက်မလိုက်ဘဲ ကြည့်ရှုနိုင်သော အလေ့အကျင့်ကို မွေးမြူခြင်းသည် စိတ်ကို ကျော်လွန်၍ စဉ်းစားနိုင်သော အသိ (Meta-cognition) အတွက် အမှန်တကယ် အရေးကြီးပါသည်။

မိမိကိုယ်ကို ပကတိအတိုင်း အရာဝတ္ထုပမာ (ဘက်မလိုက်ဘဲ) ရှုမြင်ခြင်းအားဖြင့် အခြေအနေတစ်ခုလုံးကို အပေါ်စီးမှ ခြုံငုံကြည့်ရှုနိုင်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အကျိုးအမြတ် ရရှိနိုင်ပါသည်။ဆက်ပြောလိုသည်မှာ လူပြောအများဆုံး ဖြစ်သည့် တရားထိုင်ခြင်း (Meditation) ပဲ ဖြစ်ပါသည်။ ဉာဏ်အလင်းရရှိခြင်း (ဝိပဿနာ) ဟူသည် တရားထိုင်ခြင်းနှင့် ဆက်နွှယ်နေပါသည်။ တရားထိုင်ခြင်းသည် စိတ်အခြေအနေကို ဘက်မလိုက်ဘဲ လေ့လာစောင့်ကြည့်ရန်အတွက် အလွန်အသုံးဝင်သောနည်းလမ်း ဖြစ်ပါသည်။ မျက်စိကို မှိတ်ထားပြီး မိမိ၏ထွက်သက်ဝင်သက်နှင့် ခန္ဓာကိုယ်၏ ခံစားမှုများကိုသာ အာရုံစိုက်ပါ။ အာရုံငါးပါး (အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့) ပေါ်တွင် အာရုံစိုက်ခြင်းအားဖြင့် ယခု ဤနေရာ (Now and Here) တွင်ရှိသော လက်တွေ့အခြေအနေသို့ သတိကို ဦးတည်စေပြီး စိတ်၏ နက်နဲရာမှ ပေါ်ထွက်လာသော အတွေးယောင်များနှင့် စွဲလမ်းတွယ်တာမှုများမှ ခေတ္တခဏ ကင်းဝေးနိုင်ပါသည်။

စဉ်းစားကြည့်လျှင် သိသာပါသည်။ ယခု ဤနေရာကိုသာ အာရုံစိုက်ကြည့်လျှင် ဆင်းရဲဒုက္ခဖြစ်စရာ အကြောင်းအရာများမှာ ယခုအချိန်တွင် မဖြစ်ပေါ်သေးကြောင်း သတိပြုမိပါလိမ့်မည်။ ကျွန်တော်တို့သည် ယခု ဤနေရာတွင် မရှိသော အတွေးအတု အယောင်များကြောင့်သာ အခုလက်ရှိ အချိန်တွင်ပင် ဆင်းရဲဒုက္ခကို ခံစားနေရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ဆင်းရဲဒုက္ခကို ခံစားရသည့်အခါတိုင်း စိတ်၏ အတွင်းပိုင်း၌ စွဲလမ်းတွယ်တာမှုသည် အမြဲတမ်း ရှိနေပါသည်။ ဤစွဲလမ်းတွယ်တာမှုသည် ကောင်း/မကောင်း စီရင်ဆုံးဖြတ်ခြင်းနှင့် နီးကပ်စွာ ဆက်နွှယ်နေပါသည်။ “ ထိုသူသည် လူကောင်းဖြစ်သည်” ၊ “ ဤအရာသည် မကောင်းပါ” စသည်ဖြင့် ကျွန်တော်တို့သည် အရာဝတ္ထုများကို ကိုယ်ပိုင် အမြင်သဘောထားဖြင့် အမြဲတမ်း ဆုံးဖြတ်နေပါသည်။

ထိုသို့သော ဆုံးဖြတ်ချက်များသည် မိမိ၏ မျှော်လင့်ချက်အတိုင်း မဖြစ်ပေါ်သောအခါတွင် ဆင်းရဲဒုက္ခများ ဖြစ်ပေါ် လာပါသည်။ ဥပမာအားဖြင့်၊ အလုပ် မအောင်မြင်ခြင်းဟူသော အချက်အလက်ကို “ ဒါကြောင့် ငါဟာ အသုံးမကျတဲ့လူပဲ” ဟု မိမိဖာသာ အတွေးအတုအယောင်ဖြင့် ဆုံးဖြတ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့သည် မိမိကိုယ်ကို နာကျင်စေပြီး ဆင်းရဲဒုက္ခ ခံစားရပါသည်။ ဗုဒ္ဓက ဤသို့သော ဆုံးဖြတ်ချက်ပေးခြင်းသည်လည်း စွဲလမ်းတွယ်တာမှု တစ်မျိုးဖြစ်သည်ဟု ဟောကြား ခဲ့ပါသည်။ ထို့ကြောင့်ပင် မိမိ၏ ဆုံးဖြတ်ချက်များကို လုံးဝပယ်ဖျက်လိုက်ပြီး ရှိသောအရာကို ရှိသည့်အတိုင်း၊ ပကတိ အတိုင်း အရာဝတ္ထုများကို ကြည့်ရှုရန် တိုက်တွန်းခဲ့ပါသည်။ အခြားသူများနှင့် ဆက်ဆံရာတွင်လည်း ပထမဦးစွာ မိမိ စီရင်ဆုံးဖြတ်နေခြင်းကို သတိပြုမိရန် အရေးကြီးပြီး “ သူ့ကိစ္စသူ၊ ကိုယ့်ကိစ္စကိုယ်” ဟု တိကျသော နယ်နိမိတ်မျဉ်းကို သတ်မှတ်ရန် အရေးကြီးပါသည်။ အခြားသူ၏ စကားနှင့် အပြုအမူများကို “ ကောင်းသည်/မကောင်း” ဟူ၍ ဆုံးဖြတ်ခြင်းအစား “ မင်းထင်ချင်တာထင်ပါ” သူ့ကိစ္စနှင့်သူဖြစ်နေခြင်းသာဖြစ်သည် (သူသဘောသူဆောင်နေခြင်း) ဟု နားလည်ပေးရန်သာ အာရုံစိုက်သင့်ပါသည်။

လွတ်လပ်သော စိတ်နှင့် အလယ်အလတ်လမ်း
ဤအယူအဆသည် သင်တို့အားလုံး၏ စိတ်ထဲတွင် ပုံပေါ်လာပါသလား။ ဤအတွေးအခေါ်သည် တစ်ဦးချင်းစီ၏ စကြဝဠာ (One-person Universe) သဘောတရားနှင့်လည်း ဆင်တူပါသည်။ လူတစ်ဦးစီတိုင်းတွင် ကိုယ်ပိုင် စကြဝဠာ ရှိကြပြီး မိမိ၏ စကြဝဠာသည် အခြားသူ၏ စကြဝဠာကို စွဲလမ်းတွယ်တာနေစရာ မလိုပါ။ ရှိသောအရာသည် ရှိနေခြင်း၊ ဖြစ်ပျက်နေသည်က ဖြစ်ပျက်နေခြင်း။ ထိုမျှသာ ဖြစ်ပါသည်။ ထို့ပြင် စိတ်ကို အထူးတလည် ပေါ့ပါးစေနိုင်သော အစွမ်းအထက်ဆုံးသော နည်းလမ်းတစ်ခု ရှိပါသည်။ ၎င်းမှာ “ လွှတ်ချလိုက်” ဆိုသည့်အတွေးအခေါ် ဖြစ်ပါသည်။

၎င်းအတွေးအခေါ်သည် ပေါ့ဆခြင်း သို့မဟုတ် တာဝန်မဲ့ခြင်းကို ဆိုလိုသည်မဟုတ်ပါ။ ၎င်းမှာ အရာဝတ္ထုများကို စွဲလမ်းတွယ်တာခြင်း မရှိဘဲ စိတ်ကို လွတ်လပ်စေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် တစ်စုံတစ်ခုကို “ ဤသို့ ဖြစ်ရမည်၊ ဤသို့သာ ဖြစ်ရမည်” ဟု အလွန်အမင်း စွဲလမ်းတွယ်တာလွန်းသောကြောင့် ဆင်းရဲဒုက္ခ ရောက်ရခြင်း ဖြစ်ပါသည်။ ငွေကြေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ စသည်တို့အပေါ် အလွန်အကျွံ စွဲလမ်းပါက၊ မိမိ လိုချင်သည့်အတိုင်း မဖြစ်လာသောအခါ ကြီးမားသော ဆင်းရဲဒုက္ခများ ပေါ်ပေါက်လာသည်ဟု ဗုဒ္ဓက မိန့်တော်မူခဲ့သည်။

တစ်စုံတစ်ရာကို ရယူလိုသော စိတ်သည် မိုက်မဲမှု (သို့မဟုတ်) အနှောင့်အယှက်၏ အရင်းခံ ဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ရာကို အလွန်အကျွံ တောင်းဆိုခြင်း မရှိတော့သောအခါ စိတ်သည် ငြိမ်သက်လာပြီး စစ်မှန်သော လွတ်လပ်မှုကို ရရှိနိုင်ပါသည်။ ဤ ” လွှတ်ချလိုက်သည်” ဟူသော သဘောထားသည် ထိန်းချုပ်၍ မရနိုင်သော အရာများကို အတင်းအကျပ် ထိန်းချုပ်ရန် မကြိုးစားခြင်း ဟူသော ဆင်ခြင်တုံတရားရှိသော စိတ်နေသဘောထားပင် ဖြစ်ပါသည်။ အခြားသူများ၏ အကဲဖြတ်မှု၊ အတိတ်က အမှားများ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ စသည့် စိတ်အတွင်းရှိ စွဲလမ်းတွယ်တာမှုများကို လွှတ်ချလိုက်ပါက စိတ်သည် အံ့ဩစရာကောင်းလောက်အောင် ပေါ့ပါးလာပြီး လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုကို ရရှိနိုင်ပါသည်။ ဤအရာသည် ယနေ့ခေတ် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု (Mental Control) တွင်ပင် ပြောဆိုနေကြသည့် အရာများ ဖြစ်ပါသည်။ ယခုထိ သင်တို့အားလုံး မည်မျှ နားလည်သဘောပေါက်ခဲ့သည်ကို ကျွန်တော် မသိနိုင်သော်လည်း၊ ယခုမှစ၍ ပိုမို လက်တွေ့ကျသော၊ နားလည်လွယ်သော နည်းလမ်းတစ်ခုကို မိတ်ဆက်ပေးပါမည်။

ဗုဒ္ဓနည်းဖြင့် စိတ်ကို ကာကွယ်ခြင်း
လူမှုဆက်ဆံရေး ပြဿနာများကို လူသားတိုင်း ရှောင်လွှဲ၍ မရနိုင်ပါ။ စိတ်ပညာရှင် အက်ဒလာ (Adler) က လူတို့၏ ပူပင်သောကများ၏ ၉၀ရာခိုင်နှုန်းသည် လူမှုဆက်ဆံရေးနှင့် သက်ဆိုင်သည်ဟု ဖော်ပြထားပါသည်။ လူများနှင့် ဆက်ဆံရာတွင် အခြားသူများ၏ စကားနှင့် အကဲဖြတ်မှုများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်များ မကြာခဏ ရှိတတ်ပါသည်။ ကျွန်တော်တို့သည် တစ်စုံတစ်ဦးက အပြစ်ပြောခြင်း သို့မဟုတ် ဝေဖန်ခြင်း ခံရသောအခါ ၎င်းစကားလုံး များကို အဆိပ်သင့်သကဲ့သို့ မှတ်ယူကာ နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားရတတ်ပါသည်။ သို့သော်လည်း ဗုဒ္ဓသည် အလွန် ရိုးရှင်းပြီး အစွမ်းထက်သော ဉာဏ်ပညာကို သင်ကြားပေးခဲ့ပါသည်။ ၎င်းမှာ လက်ဆောင်ပေးခြင်း၏ သာဓက ဖြစ်ပါသည်။

ဗုဒ္ဓသည် တစ်ချိန်က အပြစ်ပြောခံရပါက မည်သို့ ပြုမူသင့်သနည်းဟု မေးမြန်းခြင်း ခံခဲ့ရသည်။ ဗုဒ္ဓသည် အပြုံးဖြင့် ဤသို့ ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုပါသည်။ “ သင့်ထံသို့ တစ်စုံတစ်ယောက်က လက်ဆောင် တစ်ခု ပေးပို့လာသည်ဟု မှတ်ယူပါ။ သို့သော် သင်က ထိုလက်ဆောင်ကို လက်မခံပါက ထိုလက်ဆောင်သည် မည်သူပိုင် ဖြစ်ပါသနည်း။” ဗုဒ္ဓက ဆက်လက်၍ “ ထိုနည်းတူစွာ၊ သင်သည် ဒေါသ သို့မဟုတ် စော်ကားမှုကို လက်မခံပါက၊ ၎င်းသည် ထိုသူ၏ ပြဿနာသာ ဖြစ်လာ ပါလိမ့်မည်။” ဤသည်မှာ အံ့ဩစရာကောင်းသည်ဟု ကျွန်တော်ထင်ပါသည်။ တစ်စုံတစ်ဦးက အပြစ်ပြောခြင်း သို့မဟုတ် ဝေဖန်ခြင်း ခံရသည့်တိုင် ၎င်းကို လက်မခံပါက ထိုစကားလုံးများသည် မိမိကဆွဲကိုင်ထားရမည့်အရာ မဖြစ်လာနိုင်ဟူသော မှန်ကန်သော အယူအဆပင် ဖြစ်ပါသည်။

အခြားသူများ၏ အပြစ်ပြောစကားနှင့် ဝေဖန်မှုများကြောင့် နာကျင်ခံစားရသည့်အခါ ကျွန်တော်တို့သည် ထိုစကားများကို မိမိကိုယ်ကို ရည်ရွယ်သည်ဟု ခံယူပြီး အလေးအနက်ထားတတ်ကြသည်။ သို့သော် ဗုဒ္ဓက အခြားသူ၏ စကားသည် ထိုသူ၏ စိတ်ကို ထင်ဟပ်သည့်မှန်မျှသာဖြစ်သည်ဟု ဟောကြားခဲ့သည်။ ဆိုလိုသည်မှာ အခြားသူများကို ဝေဖန်သူများသည် မိမိကိုယ်တိုင်၏ အတွင်းစိတ်၌ စိုးရိမ်ပူပန်မှု သို့မဟုတ် နိမ့်ကျသည်ဟု ခံစားရမှု ရှိနေတတ်သည်ဟု ဆိုလိုပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် အခြားသူ၏ စကားသည် ထိုသူ၏ ပြဿနာသာဖြစ်ပြီး သင့်၏တန်ဖိုးနှင့် လုံးဝမသက်ဆိုင်ပါ။ ဆိုလိုသည်မှာ ထိုအပြစ်ပြောစကားများသည် ထိုသူ၏ စကြဝဠာ (Universe) မှ ဖန်တီးသော အခြားစကြဝဠာနှင့် မသက်ဆိုင်သည့် အရာများသာ ဖြစ်သည်။ မိမိ၏ စကြဝဠာအတွင်းမှ လက်ခံရန် ငြင်းပယ်လိုက်ပါက ပေးပို့သူထံသို့ ပြန်လည်ရောက်ရှိသွားပါသည်။ ထို့ပြင် ကျွန်တော်တို့သည် အခြားသူများ၏ အသိအမှတ်ပြုခံရရန်အတွက် မျှော်လင့်ချက်ဖြင့် ဖြည့်ဆည်းပေးရန် အားထုတ်ခြင်းသည် စိတ်ကို ကြီးမားသော ဝန်ထုပ်ဝန်ပိုးများ ဖြစ်စေပါသည်။

စိတ်၏ ငြိမ်းချမ်းမှုနှင့် ကရုဏာ
သို့သော်လည်း ဗုဒ္ဓသည် လူတိုင်းက ချစ်ခင်နှစ်သက်သောသူသည် ဤလောကတွင် မရှိနိုင်ကြောင်း ဉာဏ်အလင်း ရရှိခဲ့ပါသည်။ မည်မျှပင် ထူးချွန်သောသူ ဖြစ်စေကာမူ လူတိုင်း၏ ချစ်ခင်ခြင်းကို မခံရနိုင်ပါ။ အခြားသူများ၏ အကဲဖြတ်မှုသည် အမြဲတမ်း ပြောင်းလဲနေသော အနိစ္စ (မမြဲခြင်း) သဘောတရားသာဖြစ်ပြီး ၎င်းကြောင့် စိတ်မလှုပ်ရှားသင့်ပါ။ မိမိ၏ စစ်မှန်သော ခံစားချက်ကို တန်ဖိုးထားခြင်းနှင့် မိမိ ယုံကြည်သောလမ်းစဉ်အတိုင်း နေထိုင်ခြင်းသည် အခြားသူ၏ စကားလုံးများဖြင့် သြဇာလွှမ်းမိုးခံရခြင်းမရှိသည့် စိတ်၏ ငြိမ်းချမ်းမှုနှင့် ဆက်စပ်နေပါသည်။ နောက်ဆုံးတွင် မိမိကိုယ်တိုင်ပေါ်တွင်သာ မူတည်ပါသည်။ ထို့ပြင် ဗုဒ္ဓ၏ အဆုံးအမများထဲမှ တစ်ခုမှာ မေတ္တာကရုဏာစိတ် ဖြစ်ပါသည်။ မေတ္တာကရုဏာသည် ရိုးရှင်းသော ကြင်နာမှု သက်သက် မဟုတ်ပါ။ ၎င်းမှာ အခြားသူ၏ ပျော်ရွှင်မှုကို ဆန္ဒပြုခြင်းနှင့် အခြားသူ၏ ဆင်းရဲဒုက္ခကို နားလည်၍ သူနှင့်အတူ ရပ်တည်ပေးလိုသောစိတ် ဖြစ်ပါသည်။ အမှန်တကယ်တော့ အခြားသူကို နှိမ့်ချခြင်း သို့မဟုတ် ရန်လိုသော စကားများဖြင့် ပြောဆိုခြင်း ပြုသူတို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုနှင့် နိမ့်ကျသည်ဟု ခံစားရမှုတို့ ပုန်းကွယ်နေတတ်သည်ဟု ဆိုပါသည်။

ဤစိတ်ပညာကို သဘောပေါက်သောအခါ ကျွန်တော်တို့သည် ရှုထောင့်ကို အနည်းငယ် ပြောင်းလဲနိုင်သည်။ “ ထိုလူသည် အဘယ်မျှ ဆိုးရွားလိုက်ပါဘိ” ဟု ဒေါသထွက်ခြင်းအစား “ ဤသူသည်လည်း တစ်စုံတစ်ရာသော ဆင်းရဲဒုက္ခကို ခံစားနေရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု စဉ်းစားနိုင်လာပါသည်။ X (ယခင် Twitter) ကဲ့သို့ လူမှုကွန်ရက်များတွင် အပြစ်ပြောစကားများသာ ပြောနေသူများသည် ပျော်ရွှင်ခြင်း မရှိပုံရသည် မဟုတ်ပါလား။ ဆိုလိုသည်မှာ အခြားသူ၏ အခြေအနေကို စဉ်းစားပေးခြင်းအားဖြင့် မည်သူတစ်ဦးတစ်ယောက်၏ စကားကြောင့်မဆို စိတ်ထိခိုက်မှု မရှိတော့သည့် စိတ်အခြေအနေသို့ ရောက်ရှိသွားပါသည်။ ဗုဒ္ဓက ရန်သူအား လက်တုံ့ပြန်သူထက် ရန်လိုခြင်း မရှိသူသည်သာ အခိုင်မာဆုံး ဖြစ်သည်ဟု ဟောကြားခဲ့သည်။

မည်မျှပင် ပြင်းထန်သော စကားလုံး သို့မဟုတ် သဘောထားဖြင့် ပြန်လည် တုံ့ပြန်စေကာမူ ဒေါသ သို့မဟုတ် စက်ဆုပ်မှုဖြင့် ပြန်လည် တုံ့ပြန်နေသမျှ စစ်မှန်သော ဖြေရှင်းမှုသို့ ရောက်ရှိမည်မဟုတ်ပါ။ တစ်စုံတစ်ဦးက သင့်ကို နှိမ့်ချပြောဆိုခြင်း ကဲ့သို့သော အဖြစ်အပျက်နှင့် ကြုံတွေ့ရသည့်အခါ “ ထိုသူသည် မည်သည့် စိုးရိမ်ပူပန်မှုမျိုးကို ခံစားနေရပါလိမ့်မည်လဲ” ဟု မိမိကိုယ်ကို မေးခွန်းထုတ်ကြည့်ပါ။ ထိုသို့ မေးခြင်းဖြင့်ပင် စိတ်အတွင်း၌ ကြင်နာမှုအတွက် နေရာလွတ် အနည်းငယ် ပေါ်ပေါက်လာပြီး မိမိထွက်နေသောဒေါသနှင့် ထိုဒေါသကြောင့်ဖြစ်ပေါ်လာသောစိတ်ခံစားမှု ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်လေ့ရှိသည်ဟု ဆိုပါသည်။ ဤအတွေးအခေါ်မျိုးကို ကြားဖူးသူများ လည်း ရှိပါလိမ့်မည်။ ဤအလေ့အကျင့်ကို ဆက်တိုက်ကျင့်သုံးနိုင်ပြီး ပုံမှန်လုပ်ဆောင်လာနိုင်သည့်အခါ အမှန်တကယ်ပင် သင့်ဘဝ ပြောင်းလဲသွားနိုင်ပါသည်။ ကျွန်တော်သည် မေ့ပစ်နိုင်သည့် (သည်းခံနိုင်သည့်) စွမ်းရည် ရှိလာသည့်အတွက် “ လစ်လျှူရှူနိုင်သော စိတ်ဖြင့် အဆင်ပြေနေသော်လည်း မေတ္တာကရုဏာစိတ်ကိုလည်း ကြိုးစား၍ တည်ဆောက်ရပါမည်။ သင်တို့အားလုံးလည်း ၎င်းတို့ထဲမှ တစ်ခုခုကို ကျင့်သုံးကြည့်ပါရန် တိုက်တွန်းပါသည်။

ဤအထိ ဗုဒ္ဓ၏ ဘဝဇာတ်ကြောင်းနှင့် ဟောကြားချက်များကို လေ့လာခဲ့ပြီးနောက်၊ ဗုဒ္ဓရောက်ရှိခဲ့သော အပြီးသတ် နိဂုံးအဖြစ် မည်သူ၏ စကားကြောင့်မဆို စိတ်ထိခိုက်မှု မရှိစေရန် စိတ်ခွန်အားကို ထပ်မံ လေ့လာပါမည်။ လူသားများသည် တစ်စုံတစ်ဦး၏ ဝေဖန်မှုကို ခံရသောအခါ မိမိ၏ တန်ဖိုးကို ငြင်းပယ်ခံရသည်ဟု ခံစားရပြီး နက်နက်ရှိုင်းရှိုင်း ထိခိုက်ကြ ပါသည်။ သို့သော် ဤနေရာတွင် အရေးကြီးဆုံးအချက်ရှိပါသည်။ ၎င်းမှာ စစ်မှန်သော ဆင်းရဲဒုက္ခသည် တစ်စုံတစ်ဦးက မိမိကို နှိမ့်ချပြောဆိုခြင်း၌ မဟုတ်ဘဲ ထိုစကားလုံးများကို အသုံးပြု၍ မိမိကိုယ်ကို နှိမ့်ချမိခြင်း၌ တည်ရှိသည်ဟူသော အချက် ဖြစ်ပါသည်။ နောက်ဆုံးတွင် ပြင်ပမှ သက်ရောက်မှုများ ဖြစ်သော်လည်း မိမိ၏ စိတ်သည် မိမိကိုယ်ကို ဖန်တီး နေခြင်း ဖြစ်ပါသည်။

ဗုဒ္ဓသည် တပည့်များအား ထားခဲ့သော ကျော်ကြားသည့် စကားတစ်ခု ရှိပါသည်။ ၎င်းမှာ “ အတ္တဒီပ အတ္တသရဏ၊ ဓမ္မဒီပ ဓမ္မသရဏ” ဟူသော စကားဖြစ်သည်။ ဆိုလိုသည်မှာ မိမိကိုယ်ကို မှီခိုရာ အားထားပါ၊ အခြားသူကို အားထားခြင်း မပြုရ။ သစ္စာတရား (ဓမ္မ) ကို မှီခိုရာ အားထားပါဟု ဆိုလိုပါသည်။ အနှစ်သာရအားဖြင့် အခြားသူက မိမိ၏ တန်ဖိုးကို အသိအမှတ် မပြုသည့်တိုင် မိမိကိုယ်တိုင်က မိမိ၏ တန်ဖိုးကို ယုံကြည်ခြင်းနှင့် ဗုဒ္ဓ ဟောကြားခဲ့သော သစ္စာတရားသည် ဘဝ၏ လမ်းညွှန်ချက် ဖြစ်သည်ဟု ဆိုလိုပါသည်။ အထူးသဖြင့် ကျွန်တော်တို့သည် အခြားသူ၏ စကားများကို ကောင်းသော စကားနှင့် ဆိုးသောစကားဟု ခွဲခြားပြီး ကောင်းသောစကားကို နားထောင်ရသောအခါ ဝမ်းမြောက်ပြီး ဆိုးသောစကားကို နားထောင်ရသောအခါ ဝမ်းနည်းလေ့ရှိပါသည်။ သို့သော် ဗုဒ္ဓ၏ အဆုံးအမများအရ မည်သည့်စကားလုံးမျိုးကိုမဆို လေ့လာသင်ကြားယူရန် အခွင့်အရေးအဖြစ် ရှုမြင်နိုင်ပါသည်။ အားလုံးကို မိမိ၏ ရှုမြင်ပုံဖြင့် လေ့လာသင်ကြားယူစရာ ဖြစ်လာစေနိုင်ပါက အလွန်ကောင်းမွန်သော အရာဖြစ်လာပါလိမ့်မည်။ သာဓကအားဖြင့်၊ သူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များက သင့်နောက်ကွယ်တွင် သင့်ကို “ တကယ်ကို တကိုယ်ကောင်းဆန်တဲ့သူပဲ” ဟု ပြောနေသည်ကို သင် သိရှိလိုက်ရသည်ဟု မှတ်ယူကြပါစို့။

ပုံမှန်အားဖြင့် သင်သည် ထိတ်လန့်သွားခြင်း၊ ဒေါသထွက်ခြင်း သို့မဟုတ် “ ဒီလိုမဟုတ်ဘူး” ဟု ငြင်းဆန်လိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဆိုးရွားစွာ ခံစားရသူများသည် ထိုအချိန်မှစ၍ ဗိုက်နာခြင်း စသည့် ရောဂါဝေဒနာများ စတင် ခံစားရနိုင်သည်။ သို့သော် ဗုဒ္ဓ၏ အဆုံးအမများအရ ၎င်းကို ချက်ချင်း ဒေါသထွက်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းအစား ခံစားချက်များ မရောနှောဘဲ ပကတိအတိုင်းသာ ရှုမြင်ပါ။ သာဓကအားဖြင့်၊ “ သူများတွေကို ငါအလေးမထားတာများ ရှိခဲ့သလား” သို့မဟုတ် “ သူတို့က ပူးပေါင်းဆောင်ရွက်မှုကို အထူးတန်ဖိုးထားတဲ့သူများ ဖြစ်နေမလား” ဟု ဆန်းစစ်ပါ။ သို့မဟုတ် စွဲလမ်းတွယ်တာမှုကို စွန့်လွှတ်ပြီး “ သူတို့ပြောတာ ငါ့အတွက် အရေးမကြီးပါဘူး ” ဟု ဆုံးဖြတ်ခြင်း၊ သို့မဟုတ် “ အဲ့ဒီသူတွေမှာလည်း တစ်စုံတစ်ရာ ဆင်းရဲဒုက္ခ ခံစားနေရသလား” ဟု သုံးသပ်ကြည့်ပါ။ ထိုအချိန်တွင် မိမိကိုယ်ကို စိတ်တိုနေကြောင်း ခံစားမိပါက “ ဪ၊ ငါ အခု စိတ်တိုနေပါလား” ဟု အပေါ်စီးမှ ကြည့်ခြင်းဖြင့် မိမိ၏ အပြုအမူများကို အေးဆေးစွာ ပြန်လည် သုံးသပ်ရန် သို့မဟုတ် အခြားသူ၏ တန်ဖိုးများကို နားလည်ရန် အခွင့်အရေးအဖြစ် ပြောင်းလဲ နိုင်ပါသည်။

အနှစ်ချုပ်အားဖြင့် ထိုနေရာတွင် မိမိကိုယ်ကို အပြစ်တင်ရန် လုံးဝ မလိုအပ်သလို အဆိုးမြင် အတွေးအတုယောင် ကွင်းဆက်ကို လည်ပတ်နေစရာလည်း လုံးဝ မလိုပါ။ မိမိကိုယ်ကို ဘက်မလိုက်ဘဲ ကြည့်ရှုခြင်းနှင့် ရှုမြင်ပုံကို လွတ်လပ်စွာ ပြောင်းလဲခြင်းအားဖြင့် ၎င်းသည် မိမိကိုယ်ကို ကြီးထွားစေရန်အတွက် လေ့လာသင်ယူမှုအခွင့်အရေးအဖြစ် ချက်ချင်း ပြောင်းလဲသွားပါသည်။ ဤစိတ်၏ အသွင်ကူးပြောင်းမှုသည် မည်သူ၏ စကားကြောင့်မဆို စိတ်ထိခိုက်မှု မရှိတော့ရန်အတွက် ကြီးမားသော ခြေလှမ်းတစ်လှမ်း ဖြစ်ပါသည်။ စဉ်းစားကြည့်ပါက စိတ်တည်ငြိမ်သူ အများစုသည် ထိုသို့သော အတွေးအခေါ်မျိုး ရှိသူများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အခြေအနေနှင့် ခံစားချက်ကို ခွဲခြားပြီး အေးဆေးစွာ ရပ်တည်နေခြင်းမျိုး ဖြစ်သည်။ ကျွန်တော်တို့သည် နေ့စဉ်နှင့်အမျှ စကားလုံးများစွာကို ထိတွေ့နေကြသော်လည်း ၎င်းတို့အားလုံးသည် မိမိအတွက် တန်ဖိုးရှိသော အရာများ မဟုတ်ပါ။

ဗုဒ္ဓက သဲထဲမှ ရွှေကို ရွေးထုတ်သကဲ့သို့ ကောင်းသောစကားလုံးများကိုသာ ကောက်ယူပါဟု ပြောကြားခဲ့သည်။ သင်၏ ဘဝကို ကြွယ်ဝစေမည့် ရွှေကဲ့သို့သော စကားလုံးများကို တန်ဖိုးထားပြီး ဆင်းရဲဒုက္ခကိုသာ ပေးမည့် သဲကဲ့သို့သော စကားလုံးများကို လက်ခံရန် ငြင်းပယ်လိုက်ပါ။ အခြားသူ၏ အကဲဖြတ်မှုထက် မိမိကိုယ်တိုင် ကျေနပ်သော ဘဝကို နေထိုင်ခြင်းသည် အလွန်အနှစ်သာရရှိပြီး ဘဝကို ပြောင်းလဲစေသည်ဟု ကျွန်တော်ထင်ပါသည်။ ဤသည်မှာ ကိုယ်ကျိုးရှာခြင်း မဟုတ်ဘဲ အခြားသူကို မထိခိုက်စေခြင်းဟူသော အချက်ကိုပါ ထည့်သွင်းစဉ်းစားသည့် မိမိကိုယ်တိုင် ကျေနပ်နိုင်မှု ဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ဗုဒ္ဓက မိန့်တော်မူခဲ့သည်မှာ “ စိတ်သည် အရာအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ စိတ်သည် သန့်ရှင်းလျှင် စကားနှင့် အပြုအမူသည်လည်း သန့်ရှင်းလာလိမ့်မည်။” ဆိုလိုသည်မှာ ကျွန်တော်တို့ မည်သူ၏ စကားကြောင့်မဆို စိတ်ထိခိုက်မှု မရှိစေရန်အတွက် အခြားသူ၏ စကားထက် မိမိ၏ စိတ်နေသဘောထားကို ဦးစွာ ရှုမြင်ခြင်းသည် အရေးအကြီးဆုံး ဖြစ်ပါသည်။ အခြားသူ၏ အကဲဖြတ်မှုသည် ပြောင်းလဲတတ်သော အနိစ္စ ဖြစ်သည်ဟု ရှုမြင်ပြီး မိမိကိုယ်ကို ဘက်မလိုက်ဘဲ ကြည့်ရှုခြင်းဖြင့် ရှုမြင်ပုံကို လွတ်လပ်စွာ ပြောင်းလဲလိုက်ပါက စိတ်၏ငြိမ်းချမ်းမှုကို သင်ရရှိလာနိုင်မည် ဖြစ်ပါသည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ဘာသာပြန်သူမှတ်ချက်။

ဗုဒ္ဓဘာသာကို ကိုးကွယ်သူဟု သတ်မှတ်ထားသူ မဟုတ်ဘဲ အိမ်တွင်လည်း ဘုရားစင် မရှိသလို ဗုဒ္ဓရုပ်ပွားတော်လည်း မရှိပါ။ သို့ရာတွင် ဗုဒ္ဓ၏ ဒဿနိကများနှင့် ဟောကြားချက်များကို မြန်မာဘာသာမှ တစ်ခုထဲမှ မဟုတ်ဘဲ ဂျပန်ဘာသာနှင့် အင်္ဂလိပ်ဘာသာများမှလည်း လေ့လာလျက်ရှိပါသည်။ ဗုဒ္ဓ၏ကျင့်စဉ်များကိုလည်း လေ့ကျင့်သလို အခြား ဘာသာများ၏ ကျင့်စဉ်များကိုလည်း လေ့ကျင့်သင်ယူနေပါသည်။ ဗုဒ္ဓ၏ဟောကြားချက်ထဲမှ အနှစ်သက်ဆုံးတစ်ခုမှာ မိမိကိုယ်ကို မှီခိုအားထားပါ ဆိုသည့်အချက်ဖြစ်သည်။ ဘယ်အရာမဆို မိမိအပေါ်တွင်သာ မူတည်ပါသည်။ မိမိ၏ အတွင်းစိတ်ကို ပြောင်းလဲနိုင်မှသာ အခြားအရာများကိုလည်း ပြောင်းလဲနိုင်မည်ဟု ယုံကြည်ပါသည်။ မိမိ၏စိတ်နှလုံးသား လွတ်မြောက်မှသာ အရာအားလုံးမှ လွတ်မြောက်မည်ဟု ယုံကြည်ပါသည်။ အားလုံးငြိမ်းချမ်းကြပါစေဟု ဆန္ဒပြုပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 462 Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့
ဆောင်းပါးများ မြန်မာသတင်း

NRA ဖွဲ့စည်းပေါ်ပေါက်လာပုံအပေါ် ကျနော့်သဘောထား

  • 2025 ခုနှစ်၊ ဩဂုတ်လ 24 ရက်
  • 216 Views
နွေဦးတော်လှန်ရေးစတင်ပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအစုအဖွဲ့တွေ အများအပြား ရှိလာခဲ့ရာက NLD အမတ်တွေ စုဖွဲ့ထားတဲ့ NUG ပေါ်လာတယ်။ ပြည်သူတွေက တခဲနက်
အတွေးအမြင်ကဏ္ဍ

ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 1.15K Views
ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။ ဇူလိုင်၁၅ရက်နေ့က ဆိုင်ကယ်စီး ခရီးထွက်လာတဲ့ GZA ခေါင်းဆောင် ကိုဂျီဇက်နဲ့ ရဲဘော် ၄ ယောက်တို့ကို ဂန့်ဂေါ်မြို့နယ်ထီးလင်းနားမှာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၀)တပ်ခွဲ(၇)က ပစ်ခတ် ခဲ့တဲ့အတွက် GZAက တပ်ရင်းမှူးတယောက်နဲ့ ကိုယ်ရံတော်ရဲဘော်တယောက် ကို ကျဥ်ထိမှန်ခဲ့ပြီးဖမ်းဆီးခံခဲ့ရပါတယ်။ မော်တော်ဆိုင်မောင်းတဲ့
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 1.01K Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ
အစ္စရေး အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး)

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 1.10K Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး) ဒုတိယပိုင်းမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ ဘယ်သူတွေက အနိုင်ရသလဲ၊  အနိုင်ရသူကဘာအကျိုးအမြတ်တွေရခဲ့သလဲဆိုတာတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဦးထွန်းအောင်ကျော်ကသူဟာလူသားဝါဒီတယောက်ဖြစ်ပြီး ဘယ်ဘက်မှ မလိုက်ပဲ သမိုင်းအထောက်အထားတွေကိုကိုးကားပြီး ပြဿနာရဲ့အရင်းမြစ်ကို လေ့လာ တင်ပြထားတယ်လို့ဆိုပါတယ်။ မြန်မာပြည်သူ ပြည်သားများ
အတွေးအမြင်ကဏ္ဍ

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? (ပထမပိုင်း)

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 980 Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? မြန်မာနိုင်ငံကတချို့သူတွေက အာရပ်တွေက မွတ်ဆလင်တွေ ဖြစ်တဲ့အတွက် အစ္စရေးကို ထောက်ခံကြတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် မဘသတွေက မွတ်ဆလင်တွေ ကို မုန်းတီးကြတယ်။ ရန်သူလို့သတ်မှတ်တယ်။ ဒါကြောင့် အစ္စရေးကို ထောက်ခံကြတယ်။ ပါလက်စတိုင်းတွေကို
ဆောင်းပါးများ နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အချက်အလက်များ

ယူကရိန်းနိုင်ငံ ခရိုင်မီးယားအရေးနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ခြင်း

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 1.05K Views
ဤဆောင်ပါးသည် ၂၀၁၅ ခုနှစ်တွင် ရေးသားထားသည့် ဦးထွန်းအောင်ကျော်၏ ဆောင်းပါးဖြစ်ပြီး လက်ရှိအချိန်တွင် ပြန်လည်မှီငြမ်းနိုင်ရန် တင်ပြလိုက်ပါသည်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ နိဒါန်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရမှ ငြိမ်းချမ်းရေး ရယူနိုင်ရန် ကြိုးစားနေဆဲ ကာလအတွင်း ၂၀၁၅ ခုနှစ်တွင်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 1.03K Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။ ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို