ဒီဇင်ဘာလ (၆)ရက်။
စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊ ကရင်မှာ (၁၅၆)ခု၊ ချင်းမှာ (၈၆)ခု၊ စစ်ကိုင်းမှာ (၉၀၂)ခု၊ တနင်္သာရီမှာ (၈၃)ခု၊ ပဲခူးမှာ (၁၉၇)ခုတို့ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး မကွေးမှာ (၆၈၇)ခု၊ မန္တလေးမှာ (၂၃၆)ခု၊ မွန်မှာ (၁၄၀)ခု၊ ရခိုင်မှာ (၇၁)ခု၊ ရှမ်းမှာ (၂၁၂)ခုနဲ့ ဧရာဝတီမှာ (၄)ခုတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဲ့ဒီနယ်မြေတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့်ဆိုပြီး ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတဲ့ နယ်မြေတွေထဲမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေအပါအဝင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ ပါဝင်တာကို တွေ့ရပါတယ်။
စစ်တပ်ဟာ ရွေးကောက်ပွဲကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ အပိုင်း (၁)နဲ့ ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တို့မှာ ကျင်းပဖို့ စီစဉ်ထားပြီး မြေပြင်မှာ ရွေးကောက်ပွဲ အောင်မြင်စေဖို့ အဘက်ဘက်ကနေ ဖိအားပေးတာတွေ ရှိနေပါတယ်။
ဒါ့အပြင် တဖက်မှာလဲ ရွေးကောက်ပွဲအကြောင်းပြပြီး စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။








