နိုဝင်ဘာလ (၇)ရက်။
မိုးကုတ်မြို့ကို ကာကွယ်ဖို့ “ Ruby Land PDF” မိုးကုတ်တပ်ရင်း(၁)ရင်းကို ထပ်တိုးဖွဲ့စည်းခဲ့တယ်လို့ PDF-TRI ဗျူဟာရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ Ruby Land PDF” ကို “ မိုးကုတ်မြိုနယ် ပြည်သူ့လုံခြုံရေးအဖွဲ့အင်အားစု” က စုဖွဲ့တည်ထောင်ထားကာ PDF ဗျူဟာအမှတ်(၉၃)ရဲ့ ကွပ်ကဲမှုကိုခံယူတဲ့ TRI ဗျူဟာရဲ့ တပ်ရင်းတစ်ရင်းအနေနဲ့ ဆက်လက်ရပ်တည်မှာလို့ ဆိုပါတယ်။
“ Ruby Land PDF” တပ်ရင်းဟာ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်ဒေသအားလုံးကို ခြုံငုံစေမိကာ တော်လှန်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်မယ့် တပ်ရင်းတခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး TRI ဗျူဟာအနေနဲ့ အသစ်တိုးလာတဲ့ မိုးကုတ်တပ်ရင်းက ရဲဘော်တွေကို ကျောသားရင်သား မခွဲခြားဘဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်လို့ ပြောဆိုထားပါတယ်။
မိုးကုတ်တပ်ရင်းဟာ သပိတ်ကျင်း စစ်မျက်နှာပြင် တိုက်ပွဲတွေအပါအဝင် အရင် တော်လှန်ရေးကာလ (၄)နှစ်ကျော်ကြာ ပူးတွဲ လုပ်ဆောင်လာတဲ့တပ်ဖြစ်တာကြောင့် အင်အားတခုဖြစ်ရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ဖို့နဲ့ မိုးကုတ်မြို့ကို ကာကွယ်ဖို့ ဆန္ဒရှိတဲ့ မိုးကုတ်သူ၊ မိုးကုတ်သားတွေအနေနဲ့ “ Ruby Land PDF” အဖွဲ့ကို ချိတ်ဆက်ပြီး တပ်ဖွဲ့ဝင်အနေနဲ့ ဝင်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
မနေ့က ညပိုင်းအချိန်ကလဲ မိုးကုတ်မြို့နေပြည်သူတွေဟာ သံပုံးတီးပြီး စစ်ကောင်စီကို လက်မခံဘူးဆိုကာ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။







