နိုဝင်ဘာလ (၇)ရက်။
မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီမဲဆွယ်ပွဲမှာ မြထွန်းဦးက မဲပေးစက်အကြောင်း ရှင်းပြချိန် ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့သာနှိပ်ဖို့ဆိုပြီး ပြောဆိုခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။
“ ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်လေးကို လက်ညှိုးနဲ့နှိပ်လိုက်ရင်ပြီးပြီ၊ ဒါဆိုရင် နိုင်ငံသားတယောက်အနေနဲ့ တာဝန်ကျေပြီ” ဆိုပြီး သူက ဆိုပါတယ်။
နောက်ပြီး မဲဆွယ်ပွဲမှာ ပြည်သူတွေအနေနဲ့ သူ့ကိုရွေးချယ်ရင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မယ်ဆိုပြီးလဲ ပြောဆိုခဲ့သလို နိုင်ငံအတွက် ဘာမှမလုပ်ရဘဲ အလဟဿ မဖြစ်စေချင်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် သူက ၂၀၁၀နဲ့ ၂၀၁၅ခုနှစ်ကြားထဲမှာ ကြံ့ခိုင်ရေးပါတီက လူတိုင်း ဖုန်းကိုင်နိုင်တာအပြင် အများအပြား တိုးတက်အောင် လုပ်ဆောင်ခဲ့သလို ဒီမိုကရေစီရဲ့ အဆင့်အတန်းတခုကို ရောက်ရှိနေပြီလို့ ပြောဆိုခဲ့ပါတယ်။
အခုအချိန်မှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးတာတွေ ပြုလုပ်နေပြီး အဲ့ဒီအထဲ မြထွန်းဦးအပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဝန်ကြီးချုပ်တွေ ပါဝင်ပါတယ်။
စစ်တပ်ဟာ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလနဲ့ အပိုင်း (၂)နဲ့ (၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလမှာ ပြုလုပ်မှာဖြစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်ဦးရေ အများဆုံး ဝင်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။







