မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့
ဇူလိုင်လ (၈)ရက်။
ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက တပြိုင်ထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ (၉)နာရီ (၅)မိနစ်လောက်က မိုးကုတ်အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချသွားတာ။ နောက်ပြီး ကျောက်မဲ ငြိမ်းချမ်းရေးကုန်းဘက်ကို တိုက်ပွဲမရှိဘဲ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲသွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မိုးကုတ်အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချခဲ့ကာ အမျိုးသမီး (၂)ဦးနဲ့ အမျိုးသား (၁)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေကို ဦးတည်ကာ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး (၄)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သလို နေအိမ် (၇)လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ တအာင်းပြည်ထဲ စစ်အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းနဲ့ ပြည်သူတွေကို ဦးတည်ပြီး တိုက်ခိုက်တာတွေကို ပြုလုပ်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။



