ဩဂုတ်လ (၉)ရက်။
လယ်ဒိုမြို့နယ်မှာ (၈)ရက်တာကာလထဲ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တာ (၂၀)ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လယ်ဒိုမြို့မှာ စစ်တပ်ဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်တာတွေကို ဇူလိုင်လ (၂၁)ရက်၊ (၂၅)ရက်၊ (၂၉)ရက်၊ (၃၀)ရက်နဲ့ ဩဂုတ်လ (၁)ရက်၊ (၃)ရက်၊ (၄)ရက်နဲ့ (၅)ရက်နေ့တို့မှာ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီကာလထဲ စစ်တပ်က ၁၂၀မမ၊ ၈၁မမအပါအဝင် ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားနေအိမ် (၄)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဓမ္မာရုံ (၁)ရုံနဲ့ စေတီတစ်ဆူ ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ အကြမ်းဖက်စစ်တပ်အနေနဲ့ နိုင်ငံတကာ စာမျက်နှာမှာ တရားဝင်မှုရစေဖို့ဆိုပြီး သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ အပြင်းအထန် ကြိုးစားနေတာပါ။
ဒါပေမယ့် တဖက်မှာလဲ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက အရပ်သားပြည်သူတွေကို နေ့တိုင်း လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်နေတယ်လို့ KNU ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
