အောက်တိုဘာလ (၈)ရက်။
ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က မြိတ်-ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေရှိ ထီးခီးရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးသီး (၄၀)ကျော် ကြဲချခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၉)နာရီ (၁၀)မိနစ်လောက်က ထီးခီးရွာကို Y-12 လေယာဉ်နဲ့ ၁၂၀မမ ဗုံးသီးတွေ လာကြဲချတာ (၁၀)ကြိမ်လောက်ရှိတယ်၊ အဲ့ဒီလာကြဲတဲ့အချိန်မှာ ဗုံးသီးစုစုပေါင်း (၄၀)ကျော်ရှိတယ်၊ ပြီးတော့ နေ့ခင်း (၂)နာရီလောက်မှာလဲ ထပ်လာကြဲသွားသေးတယ်” လို့ ဆိုပါတယ်။
ထီးခီးရွာကို စစ်တပ်က Y-12 လေယာဉ်နဲ့ ၁၂၀မမ ဗုံးသီး (၄၀)ကျော် ကြဲချခဲ့သလို နေ့လယ် (၂)နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာထဲရှိ လူနေအိမ်နဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံ (၃၅၀)ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေးသားထားပါတယ်။
စစ်တပ်ဟာ သူတို့အာဏာတည်မြဲနိုင်ဖို့အတွက် သူတို့အုပ်ချုပ်တဲ့နယ်မြေတွေမှာ အတုအယောင် ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ အထူးကြိုးပမ်းနေတယ်လို့ KNU က ပြောဆိုထားပါတယ်။
ဒါ့အပြင် သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေဖြစ်တဲ့ မြိတ်-ထားဝယ်ခရိုင်ဒေသထဲက ပြည်သူတွေကို အကြောက်တရားဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


