အောက်တိုဘာလ (၉)ရက်။
မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။
“ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့ ဗုံးကြဲပြီး လေကြောင်းတိုက်ခိုက်သွားတာ။ အဲ့ဒီထဲ ထင်းချောင်းဘုရားကျောင်းမှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့အချိန် ဗုံးကြဲခံရတာ” လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့ ဗုံးကြဲခဲ့တာကြောင့် ထင်းချောင်းဘုရားကျောင်းက စစ်ဘေးရှောင်ကလေးငယ် (၃)ဦးအပြင် မသန်စွမ်း အမျိုးသမီး (၁)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီဖြစ်စဉ်ထဲ ထိခိုက်ဒဏ်ရာရသူ (၂၀)ကျော်ရှိတယ်လို့ သိရကာ အဆောက်အဦး အများအပြား ထိမှန်ပျက်စီးခဲ့ကာ ဝမ္မသူးရွာရဲ့ ထိခိုက်တဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ ရေးသားထားပါတယ်။
မင်းတပ်မြို့ကို ချင်းကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်တွေက ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလထဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
အခုအခါမှာတော့ စစ်တပ်ဟာ မင်းတပ်မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။



