မတ်လ (၁၀)ရက်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က အသေခံဒရုန်း(Fixed Wing)တွေ အသုံးပြုတိုက်ခိုက်လာတယ်လို့ မိုးဗြဲ-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်း(Fixed Wing)တွေ အသုံးပြုပြီး တိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေ မလိုအပ်ဘဲ မြို့ကိုဖြတ်ပြီး သွားလာတာမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲထဲ အသေခံဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာတာကြောင့် ပြည်သူတွေအနေနဲ့ အရေးမကြီး မလိုအပ်ဘဲ မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အခုနှစ်ဆန်းပိုင်းကစပြီး အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်နေတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ပြင်းထန်နေတာလို့ သိရပါတယ်။
တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတွေနဲ့ အဆမတန် ပစ်ကူနေကာ မိုးဗြဲ-PDF ဘက်က မိုးဗြဲမြို့ကို စစ်ကောင်စီလက်အောက် မကျစေဖို့ အပြင်းအထန်ခုခံနေတာပါ။
တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဘက်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလဲ ထိခိုက်ကျဆုံးတာတွေရှိကာ အခုအချိန်အထိ မြို့ကို ဆက်လက်ထိန်းချုပ်ထားတယ်လို့ မိုးဗြဲ-PDF က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတာ ကြာလာတာနဲ့အတူ စစ်ရေးလိုအပ်ချက်တွေ များပြားလာတာကြောင့် ပြည်တွင်းပြည်ပက ကူညီပံ့ပို့ပေးကြဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
