ဇူလိုင်လ (၁၀)ရက်။
မနေ့က နေ့လယ် (၃)နာရီအချိန် ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ အုတ်ကျင်းစစ်ကြောရေးဝင်းထဲ လူငယ်အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။
“ မနေ့က နေ့ခင်း (၃)နာရီလောက် လှိုင်မြို့ အုတ်ကျင်းစစ်ကြောရေးဝင်းထဲမှာ စစ်မှုထမ်းဖို့ဆိုပြီး ပေါ်တာဆွဲဖမ်းခံထားရတဲ့ လူငယ်တယောက် တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတာ” လို့ ဆိုပါတယ်။
အဲ့ဒီလူငယ်အမျိုးသားဟာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံထားရသူဖြစ်ပြီး စစ်ကြောရေးဝင်းထဲရှိ တိုက်ပေါ်ကနေ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလူငယ်ဟာ အသက် (၂၅)နှစ်ဝန်းကျင်ရှိကာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်တာကြောင့် မကြာခဏ ဆေးရုံတက်နေရပြီး ရွှေပြည်သာမြို့နယ်ထဲ စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
အခုအခါ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂)အထိ သင်တန်းဆင်းလာခဲ့ပြီဖြစ်ကာ စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားတွေကို ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအတွက် သင်တန်းသားအရေအတွက် ပြည့်မီအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေသလို မြို့ပေါ်တွေမှာပါ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
