အောက်တိုဘာလ (၁၀)ရက်။
မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝဲဘောင်းရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး လာကြဲသွားတာ။ အရပ်သားတွေ ထိခိုက်သေဆုံးတာရှိတယ်၊ သေဆုံးတဲ့အထဲ ကလေးငယ်တွေလဲပါတယ်” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဝဲဘောင်းရွာထဲ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေး (၂)ဦးအပါအဝင် (၇)ဦး သေဆုံးခဲ့ပြီး (၈)ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် (၁၀)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဒေသတွေကို လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ လေကြောင်းကနေ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာပါ။
မနေ့က နေပြည်တော်ကို ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ခေါင်းဆောင်နဲ့တွေ့ဆုံချိန် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ပြောဆိုခဲ့ပေမယ့် စစ်တပ်ဘက်ကတော့ ဆက်လက်ကျူးလွန်နေတာပါ။
စစ်တပ်ဟာ တဖက်မှာ နိုင်ငံရေးထွက်ပေါက်အနေနဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားနေပြီး မြေပြင်မှာလဲ စစ်ရေးအရ ဖိအားပေးလုပ်ဆောင်နေကာ ပြည်သူတွေ ထိခိုက်သေကြေနေရတယ်လို့ သိရပါတယ်။

