ဇွန်လ (၁၁)ရက်။
ဇွန်လ (၉)ရက်နေ့ နေ့လယ် (၁)နာရီ (၄၅)မိနစ်အချိန်က ကျုံဒိုးမြို့ ပိုင်ရပ်ကျေးရွာထဲကို စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကောင်စီတပ်က နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ရန်သူလိုသဘောထားပြီး ပိုင်ရပ်ကျေးရွာထဲက နေအိမ်တွေမှာ ပညာသင်ကြားနေတဲ့ ကလေးတွေနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲပစ်ခတ်တာကြောင့် အသက်(၆)နှစ်နဲ့ (၈)နှစ်အရွယ် မိန်းကလေးငယ် (၂)ဦး၊ (၇)နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ (၄၀)နှစ်အရွယ် ကျောင်းဆရာမ (၁)ဦးနဲ့ (၆၅)နှစ်အရွယ် အမျိုးသားတဦးတို့ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးအပါအဝင် (၂၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် (၁၀)လုံးနဲ့ ဘာသာရေးအဆောက်အဦးဖြစ်တဲ့ တပါးကျောင်း (၁)လုံး ပျက်ဆီးခဲ့ကာ နွားတကောင် သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ပိုင်ရပ်ကျေးရွာထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတာမှာ အသုံးပြုခဲ့တဲ့ ဗုံးအမျိုးအစားဟာ Cluster ဗုံးသီးဖြစ်တယ်လို့ KNU က ပြောဆိုထားပါတယ်။
ဒါ့အပြင် ထိခိုက်သေဆုံးခဲ့တဲ့ ကလေးငယ်တွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်တွေဟာ Grade (1)/(2) ကျောင်းသူ/ကျောင်းသားတွေဖြစ်ကာ မိဘအများစုဟာ ထိုင်းနိုင်ငံငို အလုပ်သွားလုပ်တာကြောင့် အဘိုး/အဘွား ဆွေမျိုးသားချင်းတွေနဲ့ နေထိုင်ကြသူတွေလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားပြည်သူ နေထိုင်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲပစ်ခတ်နေတာလို့ ပြောဆိုထားချက်အရ သိရပါတယ်။




