ဩဂုတ်လ (၁၁)ရက်။
မနေ့က ည (၇)နာရီ (၄၇)မိနစ်အချိန်က ကလိုယော်လေးဒေသရှိ KNU တပ်မဟာ (၇)ဌာနချုပ်အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ည (၇)နာရီခွဲကျော်မှာ KNU တပ်မဟာ(၇)ဌာနချုပ်ရဲ့ အနီးတဝိုက်ကို စစ်တပ်က လေယာဉ်နဲ့ အသွားကော အပြန်ကော ဗုံးကြဲသွားတာ။ စုစုပေါင်း (၆)ကြိမ်ကို ဗုံးအလုံး (၂၀)လောက် ကြဲသွားတာ” လို့ ဆိုပါတယ်။
KNU တပ်မဟာ(၇) ဌာနချုပ်အနီးတဝိုက်ကို စစ်တပ်က Y-12 လေယာဉ်နဲ့ လေကြောင်းကနေ စုစုပေါင်း (၆)ကြိမ် ဗုံး (၂၀)လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးတာတွေရှိခဲ့ပြီး KNU ဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
လေကြောင်းဗုံးကြဲခံရတာကြောင့် အရပ်သားပြည်သူအချို့ဟာ စိုးရိမ်စိတ်နဲ့ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် လာမယ့် ဩဂုတ်လ (၁၂)ရက်နေ့ဟာ (၇၅)နှစ်မြောက် ကရင့်အာဇာနည်နေ့ဖြစ်တာကြောင့် တပ်မဟာ(၇)နယ်မြေထဲ လေကြောင်းရန်သတိပေးထားတယ်လို့ သိရပါတယ်။
