နိုဝင်ဘာလ (၁၁)ရက်။
မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းတွေဟာ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေအနေနဲ့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
အဲ့ဒီအခမ်းအနားကို အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားနဲ့ ဒုကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းတို့ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး တိုင်းစစ်ဌာနအရာရှိတွေနဲ့ နည်းဗျူဟာမှူးတွေက PDF နဲ့ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စတွေ၊ သတင်းထောက်လှမ်းရေးနဲ့ ထောက်ပို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် လက်နက်တွေ၊ ကျည်ဘောက်တွေနဲ့ ကျည်ခဲယမ်းတွေ ပေးအပ်ခဲ့ကာ သက်ဆိုင်ရာပကဖတာဝန်ရှိသူတွေက ကျေးဇူးတင်စကားတွေ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အထူးတိုင်းစစ်ဌာနအနေနဲ့ PDF စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ PDF တပ်ရင်းတွေ၊ လက်ရုံတပ်ဖွဲ့တွေ၊ ပကဖတွေ၊ ဒေသအခြေပြုကာကွယ်ရေးအဖွဲ့(LDFs)တွေကို စစ်ရေးအရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့ အုပ်ချုပ်ထောက်ပံ့ကိစ္စတွေ ဖြည့်ဆည်းဖို့နဲ့ COC နှစ်ရပ်နဲ့အညီ အင်အားတွေစုစည်းတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။












