ဒီဇင်ဘာလ (၁၁)ရက်။
မနေ့က ည (၉)နာရီကျော်အချိန်မှာ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ည (၉)နာရီ (၁၃)မိနစ်လောက်မှာ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာ။ ဆေးရုံမှာ ဆေးကုနေတဲ့ အတွင်းလူနာ (၁၀)ဦးလောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်” လို ဆိုပါတယ်။
မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခံရတာကြောင့် ဆေးရုံမှာ တက်ရောက်ဆေးကုသနေတဲ့ အတွင်းလူနာ (၁၀)ဦးခန့် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရကာ AA ထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲ ဆေးရုံဆောင်အချို့ ထိခိုက်ပျက်စီးတာနဲ့ မီးလောင်နေတာကို တွေ့ရှိရပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်ဟာ ဒီဇင်ဘာ (၁၀)ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြောက်ဦးပြည်သူ့ဆေးရုံကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကော်မရှင်တပ်ဘက်က တစုံတရာ ထုတ်ပြန်တာမရှိဘဲ ဒေသထဲသတင်းတွေကတော့ လူနာ (၁၀)ဦးထက်မနည်း သေဆုံးပြီး (၂၀)ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားကြပါတယ်။
အခုအခါ အာရက္ခတပ်တော်(AA)အနေနဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇)မြို့နယ်ထဲက (၁၄)မြို့နယ်ကို သိမ်းပိုက်ထားသလို ရခိုင်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။










