ဩဂုတ်လ (၁၂)ရက်။
စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုအခါ စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မလုယူခဲ့တဲ့နောက်ပြီး တနိုင်ငံလုံးမှာရှိတဲ့ လူမျိုးတွေ၊ ပြည်သူတွေ၊ လူငယ်တွေက နိုင်ငံရေး၊ စစ်ရေး၊ သံတမန်နည်းလမ်းတွေနဲ့ ဆန့်ကျင်တွန်းလှန်နေခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့ဒီဆန့်ကျင်တွန်းလှန်တာတွေက ပြင်းထန်လွန်းတာကြောင့် စစ်အုပ်စုဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့တဲ့ အနေအထားကို ရောက်နေပြီလို့ သူက ဆက်ပြောပါတယ်။
နောက်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ မျက်လှည့်ပြဖို့၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပတာက ၂၀၀၈ခြေ/ဥကို ထပ်မံအတည်ပြုတာဖြစ်သလို စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိ နိုင်ငံရေးဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ဖို့လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အဲ့ဒီရွေးကောက်ပွဲဟာ နိုင်ငံရဲ့ ပဋိပက္ခတွေကို အရှိန်မြင့်လာစေဖို့နဲ့ ပိုမိုပြင်းထန်လာစေဖို့ဖြစ်သလို အထူးသဖြင့် လူငယ်တွေရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးသတ်ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့ကြောင့် ရွေးကောက်ပွဲမဖြစ်စေဖို့ ကရင်တမျိုးသားလုံးရဲ့ တာဝန်ဖြစ်ပြီး စစ်အာဏာရှင်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက် ကျရာကဏ္ဍကနေ နည်းအမျိုးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ KNU ဥက္ကဋ္ဌက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
