ဖေဖော်ဝါရီလ (၁၃)ရက်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဒီမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ တနေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Kamlaat-Kayah IDPs Assistant Network ထံက သိရပါတယ်။
“ နေ့လယ်ပိုင်းလောက် ဒီမော့ဆိုအနောက်ခြမ်း တနေရာငို စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာပါ။ လူထိခိုက်တာတော့ မရှိဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ လူထိခိုက်တာမရှိခဲ့ပေမယ့် စာသင်ကျောင်းဆောင် (၁)ခုနဲ့ အဆောက်အဦး (၄)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ဒီမော့ဆိုအနောက်ခြမ်းရှိ ဒေါရောက်ခူရွာအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းပိတ်ထားချိန်ဖြစ်တာကြောင့် ကလေးတွေ လွတ်မြောက်ခဲ့ရတာလို့ ဒေသတွင်းသတင်းတွေက ရေးသားထားကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းထဲ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၉)ဦးသေဆုံးပြီး (၁၇)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားပါတယ်။
မြေပြင်စစ်ရေးမှာ အင်အားချိနဲ့နေတဲ့ စစ်ကောင်စီက လေယာဉ်အပါအဝင် ဒရုန်းနဲ့ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်တာတွေကို ပိုမိုပြုလုပ်လာတာကြောင့် သတိပြုရမယ့်အချက်တွေကို NUG က ဒီကနေ့မှာ ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2025/02/FB_IMG_1739459023573.jpg)
![](https://eraseye.com/wp-content/uploads/2025/02/FB_IMG_1739459025259.jpg)
![](https://eraseye.com/wp-content/uploads/2025/02/FB_IMG_1739459026829.jpg)