မေလ (၁၃)ရက်။
မေလ (၉)ရက်နေ့ နံနက် (၇)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဆန်းသစ်ကျေးရွာအနီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မေလ(၉)ရက်နေ့ နံနက် (၅)နာရီလောက် ဆင်ချောင်းပြည်သူ့စစ်ရွာကနေ ဆန်းသစ်ရွာကို ဓါးစာခံပြည်သူ (၅)ဦးနဲ့ အင်အား (၁၀၀)လောက် စစ်ကြောင်းထွက်လာတဲ့အချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ရေစကြိုမြို့ ခလရ(၂၅၆/၂၅၇/၂၅၈)တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ (၅)ဦးကို ဓါးစာခံအနေနဲ့ ဖမ်းဆီးပြီး အင်အား (၁၀၀)ခန့်နဲ့ ဆင်ချောင်းပြည်သူ့စစ်ရွာကနေ ဆန်းသစ်ရွာကို စစ်ကြောင်းထွက်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆန်းသစ်ရွာမြောက်ဘက် တနေရာမှာ Southern YSO PDF ရဲ့ နတ်မိချောင်းစစ်ဆင်ရေးကနေ ဦးဆောင်ပြီး Southern Local တပ်ပေါင်းစုနဲ့ BNRA အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲဟာ (၁)နာရီ (၂၀)မိနစ်အချိန်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီရဲ့ ကင်းထောက်ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့သလို အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇)ဦး သေဆုံးခဲ့ပြီး (၃၀)နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အသာစီးပုံဖော်နိုင်ခဲ့ကာ Southern YSO PDF ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး (၁၀)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ ရေစကြိုမြို့နယ် သဲတောရွာကို စက်တပ်လေထီး (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၁)ဦးသေဆုံးပြီး အိုးအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
