ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ
နိုဝင်ဘာလ (၁၃)ရက်။
ရန်ကုန်တိုင်းရှိ မြို့နယ်အချို့က ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စာလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ကျောက်တန်းဘက်မှာ ကြံ့ဖွတ်ပါတီက မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ။ စခတွေရောက်လာပြီး ဘယ်သူတွေဖျက်ဆီးတယ်ဆိုတာကို လိုက်စုံစမ်းနေတယ်” လို့ ဆိုပါတယ်။
ဒီလိုဖျက်ဆီးခံရတာဟာ ကျောက်တန်းမြို့နယ် တံတားမြို့ရှိ အမှတ်(၁၊ ၂၊ ၃၊ ၄)ရပ်ကွက်တွေမှာ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးအောင်သီဟ၊ ဦးနိုင်ဝင်း၊ ဒေါ်မင်းမင်းစိုးနဲ့ ဦးမျိုးမြင့်တို့ရဲ့ ပုံပါဆိုင်းဘုတ်တွေလို့ သိရပါတယ်။
မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး တံတားမြို့နယ်မြေရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အခုလဆန်းပိုင်းတုန်းကလဲ ကရင်ပြည်နယ် ဘားအံမြို့နဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့တို့ရှိ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံနေရတာကြောင့် ဆိုင်းဘုတ်ရှိတဲ့ နေရာတွေမှာ လုံခြုံရေးတွေချထားဖို့ဆိုပြီးလဲ စစ်တပ်က အမိန့်ထုတ်ထားပါသေးတယ်။
ဒါ့အပြင် စစ်တပ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်ဘဲ အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။








