ဒီဇင်ဘာလ (၁၂)ရက်။
မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲသလိုမျိုး ကျောက်ဖြူမြို့ င/လုံးစု အောက်ရွာနဲ့ အထက်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာကြဲသွားတာ” လို့ ဆိုပါတယ်။
စစ်တပ်ဟာ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့တဲ့အတိုင်း ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး(၂)လုံး ကြဲချခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် င/လုံးစု အထက်ရွာနဲ့ အောက်ရွာထဲက အရပ်သားပြည်သူ (၈)ဦးသေဆုံးခဲ့ပြီး (၁၀)ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ (၁၀)ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တုန်းကလဲ စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို လေကြောင်းဗုံးကြဲတာကြောင့် ဆေးကုသနေသူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၇၆)ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စစ်တပ်ဟာ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့ပြီး နောက်တရက်မှာပဲ ကျောက်ဖြူမြို့ကို လေကြောင်းကနေ ထပ်မံဗုံးကြဲကာ စစ်ရာဇဝတ်မှုကို ထပ်မံကျူးလွန်ခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။
ရှမ်းမြောက်မှာ အပစ်အခတ်ရပ်စဲတာကို အခွင့်ကောင်းယူပြီး အကြမ်းဖက်စစ်တပ်က ရခိုင်ဒေသကို လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်နေတာပါ။
အခု တနှစ်တာနီးပါးကာလထဲ ရခိုင်ရှိ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၉၂)ကြိမ်ရှိခဲ့ပြီး အရပ်သား ထိခိုက်ဒဏ်ရာရသူ (၅၀၂)ဦးနဲ့ သေဆုံးသူ (၁၉၂)ဦးရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








