ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဖွဲ့စည်းခြင်း (၄) နှစ်မြောက် အထိမ်းအမှတ်နဲ့ ICNCC က သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၁၃ရက်နေ့စွဲနဲ့ ICNCC ရဲ့ ထုတ်ပြန်ချက်မှာ မိမိတို့ဟာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC ) နဲ့ (NUG) တို့ ကနဦးဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ ပြည်နယ်ကိုယ်စားပြုကောင်စီတခုဖြစ်ပြီ ချင်းပြည်အရေးကိစ္စအရပ်ရပ်ကို ဆောင်ရွက်သောကောင်စီ ဖြစ်တယ်လို့ ဆိုထားပြီး ၂၀၂၃ခုနှစ်ဒီဇင်ဘာလတွင်ဖွဲ့စည်းခဲ့သော ချင်းညီနောင် (Chin Brotherhood) နဲ့ စစ်ရေးနိုင်ငံရေးမှာ အတူပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ချင်းညီနောင် (Chin Brotherhood) က ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စတဲ့မြို့တွေကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီး ICNCC/CB အနေနဲ့ မြို့သိမ်းတိုက်ပွဲများကို ဆက်လက်ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။
ချင်းလူမျိုးများအကြား အမုန်းစကားတွေကို ရှောင်ရှားဖို့ ဘုံရန်သူကို မျက်ခြေမပြတ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုံချခဲ့ပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ချင်းပြည်နယ်မှာ လုံးဝလက်မခံဘဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ သတိပေးထားပြီး ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


