မေလ (၁၄)ရက်။
မေလ (၁)ရက်နေ့ကစပြီး (၁၄)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသား (၂၉)ဦးနဲ့ အမျိုးသမီး (၃၈)ဦးဖြစ်ကာ အဲ့ဒီထဲ အသက်(၁၈)နှစ်အောက်ကလေးငယ် (၂၉)ဦးပါဝင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီသေဆုံးသူတွေထဲ (၄၅)ဦးဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အများဆုံးသေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ (၃၂)ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီကာလထဲ သေဆုံးခဲ့တဲ့ အတည်ပြုဖို့လိုအပ်တဲ့ သေဆုံးအရပ်သား (၆၅)ဦးရဲ့စာရင်းကို သီးခြားကောက်ယူစုဆောင်းကာ အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မေလ (၁၂)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်ကလဲ ချောင်းဦးမြို့ မှန်ချိုကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်အုပ်စုက လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
မှန်ချိုကျေးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး (၂)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
