ဩဂငတ်လ (၁၄)ရက်။
ရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးမကျိုးပေါက်စေဖို့ဆိုပြီး မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးမှာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် ဦးဆောင်ကာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်အဝေးမှာ ပြောဆိုခဲ့တာပါ။
အစည်းအဝေးထဲ ရွေးကောက်ပွဲကျင်းပကာ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတာဝန် လွှဲပြောင်းပေးနိုင်ဖို့၊ မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ဖို့နဲ့ လုံခြုံမှုအပြည့်အဝရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် အကောင်အထည်ဖော်ဖို့ ညွှန်ကြားထားပါသေးတယ်။
နောက်ပြီး ရွေးကောက်ပွဲကာလတွေမှာ နယ်မြေတွေအလိုက် မှုခင်းကျဆင်းဖို့အပါအဝင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ဆောင်ရွက်ဖို့ဆိုပြီး ထည့်သွင်းပြောဆိုထားပါတယ်။
အခုအခါ စစ်အုပ်စုအနေနဲ့ ဇူလိုင်လ (၂၉)ရက်နေ့က ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေကို ပြဋ္ဌာန်းထားသလို နေပြည်တော်နဲ့ တိုင်း/ပြည်နယ်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်နဲ့ မြို့နယ်အဆင့်အထိ လုံခြုံရေးကော်မတီတွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ဖို့ ကြိုးစားနေကာ တဖက်မှာလဲ အဲ့ဒီကာလထဲ သတ်ဖြတ်တာတွေ ပိုမိုဖြစ်နိုင်တာကြောင့် ဟန့်တားကာကွယ်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
