ဇူလိုင်လ (၁၆)ရက်။
ဒီကနေ့အချိန်အထိ နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေဟာ သူတို့တည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး လာရောက်လျှောက်ထားနေကာ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့အဖွဲ့ (၂၇)ဖွဲ့ရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ အဖွဲ့တွေထဲက နိုင်ငံရေးပါတီ (၁၉)ခုကို တည်ထောင်ခွင့်ပြုထားကာ မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ (၁၅)ခုရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ကျန်ရှိတဲ့ ပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနိုင်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအနေနဲ့ အခုနှစ်ကုန် ဒီဇင်ဘာလပိုင်းထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အသည်းအသန် ပြင်ဆင်နေကာ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ပြုလုပ်သွားဖို့ လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်ဖို့ စီစဉ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အခုဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ပဋိပက္ခတွေကို ပိုမိုဆိုးရွားစေမှာသာဖြစ်တယ်လို့ နိုင်ငံတကာကလဲ ပြောဆိုထားတယ်လို့ သိရပါတယ်။
