ဇူလိုင်လ (၁၆)ရက်။
နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မေလပိုင်းကစပြီး အခုလလယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲနဲ့ အနီးရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာ၊ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ အဆိပ်ငွေ့ဗုံးတွေ ကြဲချတာတွေကို နေ့တိုင်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီကာလထဲ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲပေါင်း (၃၁၉)ကြိမ် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ (၁၀၆)ကြိမ်၊ ဒရုန်းနဲ့ (၁၆၂)ကြိမ်၊ လက်နက်ကြီးနဲ့ (၄၆၉၂)ကြိမ်နဲ့ အဆိပ်ငွေ့ဗုံးနဲ့ (၁၈၆)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မေလကထဲက စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာများက အရပ်သားပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် မြို့ထဲမနေထိုင်ရဲတော့ဘဲ ဘေးကင်းဖို့အတွက် မြို့ပြင်ပကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပြည်သူတွေဟာ မြို့ပြင်ပကို ပြောင်းရွှေ့နေထိုင်ကြပေမယ့် စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို ထပ်မံတိုက်ခိုက်လာတဲ့အတွက် နီးစပ်ရာမြို့ကိုပြောင်းရွှေ့ကာ စစ်ရှောင်စခန်းဆီ စစ်ဘေးရှောင်နေရတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပြင်းထန်တဲ့ထိုးစစ်ကြောင့် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေရပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ ခက်ခဲလာတာကြောင့် TNLA အနေနဲ့ နောင်ချိုမြို့ပေါ်ရှိ အရပ်ဖက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းတွေကို အခြားလုံခြုံတဲ့နေရာကို ပြောင်းရွှေ့ဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ နေထိုင်ဖို့ TNLA က အသိပေးထားတယ်လို့ သိရပါတယ်။
