ဩဂုတ်လ (၁၅)ရက်။
သံဖြူဇရပ်-ရေး အမှတ် (၈)အမြန်လမ်းမှာ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non-CDM ဝန်ထမ်းတွေရဲ့ စာရင်းတွေကို တော်လှန်ရေးအဖွဲ့တွေက ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒါကြောင့် သံဖြူဇရပ်-ရေး အမှတ်(၈)အမြန်လမ်းမှာ MSFC ကာကွယ်ရေးဌာနအောက်ရှိ တပ်ရင်းတွေဖြစ်တဲ့ MSRF နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)တို့က စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုစစ်ဆေးတာတွေပြုလုပ်ချိန် မနေ့က နံနက်ပိုင်းအချိန်မှာ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းမိခဲ့တာလို့ ရေးသားထားပါတယ်။
ဖမ်းမိခဲ့တဲ့ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို MSRF နဲ့ YPDF တပ်ဖွဲ့တာဝန်ရှိသူတွေက (၂၄)နာရီကြာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီး ဒီကနေ့မှာတော့ သူတို့မိသားစုဝင်တွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ပတ်သက်တာ မပြုဖို့ကိုလဲ ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ပြန်လွှတ်ပေးခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
