ဩဂုတ်လ (၁၅)ရက်။
လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အခု နိုင်ငံရဲ့လုံခြုံရေးအခြေအနေအရ မဲဆန္ဒနယ်တွေ ပိုမိုကျယ်ပြန့်လာနိုင်ပေမယ့် နယ်မြေရှင်းလင်းရေး အောင်မြင်လာတဲ့အတွက် လုံခြုံရေးပိုင်းမှာ ပိုဆိုးလာနိုင်စရာမရှိဘူး” လို့ သူက ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ထားပြီးဖြစ်သလို ကိုယ်စားလှယ်လောင်းတွေ စိစစ်ရွေးချယ်နေပြီလို့ သိရပါတယ်။
နောက်ပြီး ရွေးကောက်ပွဲကော်မရှင်က ပါတီစစ်ဆေးတာတွေ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်တာတွေ လုပ်ဆောင်နေတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံတကာအသိအမှတ်ပြုအောင် လုပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ ယူဆမိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ထားပြီးဖြစ်ပေမယ့် မဲဆန္ဒရှင်တွေအနေနဲ့ ဂရုတစိုက်ရှိဖို့ လိုအပ်တယ်လို့ ကြံ့ခိုင်ရေးပါတီက ပြောဆိုထားပါသေးတယ်။
စစ်အုပ်စုအနေနဲ့ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားဖို့ရှိနေကာ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
