တော်လှန်ရေးရဲဘော်တွေအပါအဝင် အကျဉ်းသား (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆို
အောက်တိုဘာလ (၁၆)ရက်။
ဒီကနေ့ နံနက် (၃)နာရီခန့်က ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်(CNA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဒီကနေ့ နံနက်ပိုင်း (၃)နာရီလောက်ကစဖြစ်တာ။ အကျဉ်းသား (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်။ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် (၁)ဦးကျတယ်” လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဒေသထဲသတင်းဌာနမှာ ပြောဆိုထားပါတယ်။
ဟားခါးမြို့မရဲစခန်းကို ချင်းအမျိုးသားတပ်(CNA)နဲ့ CDF-Hakha တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ တော်လှန်ရေးရဲဘော် (၅)ဦးအပါအဝင် အကျဉ်းသား (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကာ အသေးစိတ်ကို မသိရသေးဘဲ CDF-Hakha က ရဲဘော် (၁)ဦး ကျဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇူလိုင်လတုန်းကလဲ ဟားခါးမြို့မရဲစခန်းကို CDF-Hakha က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ အကျဉ်းသား၊ အကျဉ်းသူ (၆၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
