နိုဝင်ဘာလ (၁၅)ရက်။
မနေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုကာ လူငယ် (၄)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖျက်ဆီးခံရတဲ့ နိုင်ငံရေးပါတီတွေဟာ သင်္ကန်းကျွန်းမြို့နယ်ထဲ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေရဲ့ ဆိုင်းဘုတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို နိုင်ငံရေးပါတီဆိုင်းဘုတ်တွေ ဖျက်းဆီးသူတွေကို စစ်တပ်က လိုက်လံဖမ်းဆီးခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်နေသူတွေဖြစ်တဲ့ အသက် (၁၉)နှစ်ကနေ (၂၈)နှစ်အရွယ်ကြားရှိ လူငယ် (၄)ဦး ဖမ်းဆီးခံရတာလို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် (၄)ဦးဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စည်းရုံးတာ မပြုလုပ်နိုင်စေဖို့ စိုက်ထူထားတဲ့ ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးကာ ခြိမ်းခြောက်ဟန့်တားသူတွေလို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
နောက်ပြီး အဲ့ဒီလူငယ် (၄)ဦးကို သင်္ဃန်းကျွန်းမြို့မရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့်ပြီး ထိရောက်ပြစ်ဒဏ်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားပါတယ်။
အခုနှစ်ကုန်မှာ ကျင်းပပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို စစ်တပ်က ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပြဋ္ဌာန်းပြီးနောက် နှောင့်ယှက်ဟန့်တားသူတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။








