(၂)နှစ်တာထဲ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကလေးငယ် (၃၇၀)ကျော်သေဆုံးခဲ့
မတ်လ (၁၇)ရက်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ဈေးနဲ့ သာသနိက အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် အပြင်းအထန်ရှုံ့ချတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အများပြည်သူဆိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာကို မဟာဗျူဟာတရပ်အနေနဲ့ ကျင့်သုံးနေပြီး ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေရဲ့ အသက်ဆုံးရှုံးတာကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ခုနှစ်ကနေ မနေ့က မတ်လ (၁၆)ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်တာ (၂၁၉၀)မှုရှိခဲ့ပြီး ကလေးငယ် (၃၇၂)ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အများပြည်သူဆိုင်ရာနေရာတွေကို တိုက်ခိုက်တာနဲ့ ကလေးသူငယ်တွေအပေါ် ထိခိုက်သေကြေစေတာတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေက တားမြစ်ထားတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလို့ ရေးသားထားပါတယ်။
နောက်ပြီး လက်နက်ကိုင်ပဋိပက္ခတွေထဲ ကလေးသူငယ်တွေကို ကာကွယ်ပေးရမယ့် အချက်တွေကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်တွေအပေါ် ကြီးမားတဲ့ ကျူးလွန်မှု (၆) မျိုးမှာ အပါအဝင်ဖြစ်တဲ့ ထိခိုက်သေကြေစေတာနဲ့ သတ်ဖြတ်တာဆိုတဲ့အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာဥပဒေတွေနဲ့ စာချုပ်တွေကို ပြင်းထန်စွာချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားတွေနဲ့ နိုင်ငံတကာတရားစီရင်မှုယန္တရားတွေကနေ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြဖို့ NUG က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
