ဇန်နဝါရီလ (၁၈)ရက်။
အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ ၂၀၂၁ခုနှစ်က (၁၀၁)ဦး၊ ၂၀၂၂ခုနှစ်က (၁၃၆)ဦး၊ ၂၀၂၃ခုနှစ်က (၂၀၈)ဦးနဲ့ ၂၀၂၄ခုနှစ်က (၂၄၈)ဦးဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲ (၂၂၈)ဦးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၂၀၉)ဦးဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ကလဲ ရခိုင်၊ ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ရွာကို စစ်အုပ်စုက လေယာဉ် (၂)စီးနဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင် (၂)ဦးအပါအဝင် (၄)သေဆုံးခဲ့ရတာကိုလဲ AAPP က ပြောဆိုထားပါတယ်။
AAPP အနေနဲ့ ဖော်ပြထားတဲ့ ကိန်းဂဏန်းအရေအတွက်တွေဟာ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာဖြစ်ပွားနေတဲ့ အချက်အလက်တွေက ပိုများနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေးကာလ (၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၆၁၀၀)ကျော်ရှိပြီလို့ AAPP ရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။