နိုဝင်ဘာလ (၁၈)ရက်။
မနေ့က နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ လိပ်တင်ရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက်ဖြူ လိပ်တင်ရွာစာသင်ကျောင်းကို (၁၂)ခွဲမှာ တကြိမ်နဲ့ (၃၉)မိနစ်မှာ တကြိမ် အသေခံဒရုန်းနဲ့ လာကြဲသွားတာ။ စာသင်နေတဲ့ ကျောင်းသားတွေကို အချိန်မီ ပြောင်းရွှေ့နိုင်လို့ ထိခိုက်သေဆုံးတာတော့ မရှိဘူး” လို့ ဆိုပါတယ်။
စစ်တပ်ဟာ လိပ်တင်ရွာစာသင်ကျောင်းကို အသေခံဒရုန်းနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ စာသင်ကျောင်းအနီးရှိ ဝက် (၂)ကောင် သေဆုံးခဲ့သလို စာသင်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး မနေ့က တရက်ထဲ နေ့လယ် (၁၂)နာရီ (၃၅)မိနစ်အချိန်မှာ ကျောက်ဖြူမြို့ ကျောက်ကလေရွာကို ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့သလို ညနေ (၄)နာရီခွဲအချိန်မှာ အမြင့်ကျွန်းတံတားအနီးကို လေယာဉ်နဲ့ ဗုံးအလုံး (၆၀)နီးပါး ကြဲချခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ည (၈)နာရီကျော်အချိန်ကလဲ မင်းရပ်ရွာနဲ့ သံချောင်းရွာအနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ဇင်ချောင်းကမ်းခြေမျက်နှာစာမှာ နေရာယူထားတဲ့ စစ်သင်္ဘော (၂)စီးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်တာတွေထဲ ထိခိုက်သေဆုံးတာတွေကို မသိရသေးဘဲ ပြည်သူတွေအနေနဲ့ လေကြောင်းရန် ပိုမိုသတိထားကြဖို့ AA က အသိပေးထားတယ်လို့ သိရပါတယ်။










