ဇူလိုင်လ (၁၉)ရက်။
မနေ့က ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီရဲ့ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ညက (၇)နာရီ (၁၅)လောက် မင်္ဂလာဒုံဘက်မှာ ပေါက်ကွဲတဲ့အသံကြားရတယ်၊ ပြီးတော့မှ လေကြောင်းအတတ်သင် သင်တန်းကျောင်းဘက်ကဖြစ်တာ သိရတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းမှာ လက်ပစ်ဗုံးကပ်ပြီး ပသ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Yangon Army က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ထိခိုက်တဲ့အခြေအနေကိုတော့ မသိရသေးဘဲ Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီသင်တန်းကျောင်း တိုက်ခိုက်ခံချိန်ဟာ ရန်ကုန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန်ဖြစ်သလို စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားတဲ့အချိန် တိုက်ခိုက်ခံရတာပါ။
ဒါ့အပြင် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ်မှတ်တွေအပြင် တရားမဝင်ရွေးကောက်ပွဲအတွက် ပါဝင်လုပ်ကိုင်နေသူတွေကို အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ Yangon Army ရဲ့ သတိပေးထားချက်အရ သိရပါတယ်။
