ဩဂုတ်လ (၁၈)ရက်။
မနေ့က ကရင်နီပြည် မော်ချီးဒေသရှိ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က စစ်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ မဆင်မခြင်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၃၂)ဦး သေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတွေက ပြည်သူအချို့ ပျောက်ဆုံးတာတွေရှိနေသေးတယ်လို့ ဆိုပါတယ်။
အခုနှစ်ထဲ အကြမ်းဖက်စစ်တပ်အနေနဲ့ မော်ချီးဒေသတခုထဲကို စစ်လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တဲ့အကြိမ်ရေ (၁၁)ကြိမ်ခန့်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Karenni-IEC အနေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို တုံ့ပြန်နိုင်ဖို့အတွက် ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်တပ်ရဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ကိုလဲ Karenni-IEC က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
