ဒီဇင်ဘာလ (၂၀)ရက်။
ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အစည်းအသီးသီးကို ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မနေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
KSPP ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်စဉ်တိုင်းမှာ အစဉ်အမြဲပါဝင်နေတဲ့ပါတီလို့ ဆိုပါတယ်။
KSPP ပါတီရဲ့ အရေးကြီးမူဝါဒဟာ ပြည်နယ်ထဲ နေထိုင်နေတဲ့ လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ အေးအတူပူအမျှ အတူယှဉ်တွဲနေထိုင်ဖို့ကို အလေးထားကာ ပါတီမှာ ပြည်နယ်ထဲက လူမျိုးဘာသာပေါင်းစုံ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပါတီအနေနဲ့ ၂၀၂၅ ရွေးကောက်ပွဲကို အမျိုးမျိုး ဝေဖန်နေပေမယ့် ဒီမိုကရေစီရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တာကြောင့် အခက်အခဲတွေကြားကနေ ပါဝင်ယှဉ်ပြိုင်တာဆိုပြီးလဲ ရေးသားထားပါသေးတယ်။
စစ်တပ်က ရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်အောင်ပြုလုပ်ဖို့ ကြိုးစားနေပြီး တဖက်မှာလဲ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေဟာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းက ပြည်သူတွေဟာ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်နေကြကာ ဒေသအသီးသီးက တော်လှန်ရေးအင်အားစုတွေကလဲ သပိတ်မှောက်ကြဖို့ နှိုးဆော်ထားကြပါတယ်။

နောက်ပြီး စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေနဲ့ အားပေးအားမြှောက်ပြုသူတွေကို အရေးယူမယ်လို့လဲ သက်ဆိုင်ရာတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။







