ဒီဇင်ဘာလ (၂၀)ရက်။
မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့ထဲ အဲ့ဒီကာလတွေမှာ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
အခုလိုထုတ်ပြန်ထားတာကို မလိုက်နာရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ပြီး နောက်ထပ်အမိန့်တစုံတရာ မထုတ်ပြန်တဲ့အထိ အတည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်အောင် အသိပေးဖို့ မြို့/တိုက်နယ်နဲ့ ရပ်/ကျေးပအဖတွေကို အကြောင်းကြားထားပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေဟာ ဒေသ (၇)ခုမှာ ဖြစ်စဉ် (၃၅)ခုရှိခဲ့ပြီး အရပ်သား (၄၃)ဦးသေဆုံးကာ (၅၀)ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်တွေထဲ စစ်ကိုင်း၊ ရခိုင်၊ ချင်းနဲ့ မန္တလေးတို့မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။








