ဧပြီလ (၂၁)ရက်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ တာဝန်ယူဆောင်ရွက်သွားမယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဧပြီလ (၁၈)ရက်နေ့က သပိတ်ကျင်းမြို့ လိပ်ကျရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ်ကို ထုတ်ပြန်ထားတာမှာ ပြောဆိုခဲ့တာပါ။
လိပ်ကရွာကို စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆိုင်ကယ်အရောင်းဆိုင်နဲ့ စက်မှုလက်မှုတွင်ခုံအနီး လေယာဉ် (၂)စီးနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတာကြောင့် လသားအရွယ် ကလေးတဦး၊ အမျိုးသား (၈)ဦးနဲ့ အမျိုးသမီး (၃)ဦးအပါအဝင် လမ်းသွားလမ်းလာ ပြည်သူ (၁၂)ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် သေဆုံးသူတွေထဲ အမှတ်(၃)ရပ်ကွက်က ပရဟိတခေါင်းဆောင် (၁)ဦး ပါဝင်ခဲ့ပြီး ကျန်တစ်ဦးဟာ ခြေထောက်ပြတ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိဖို့၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိဖို့ဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီး စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
