နိုဝင်ဘာလ (၂၁)ရက်။
“ သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်းစို့” ခေါင်းစဉ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထပ်မံနှိုးဆော်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်ထဲ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ မစစ်မမှန် အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို အချက် (၅)ချက်နဲ့ ဖော်ပြထားပါတယ်။
အဲ့ဒီအချက်တွေဟာ ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိတဲ့သူပြုလုပ်တဲ့ ရွေးကောက်ပွဲက အတုအယောင်သာဖြစ်သလို ဥပဒေကြောင်းအရ တရားမဝင်တာကြောင့်လို့ ဆိုပါတယ်။
နောက်ပြီး လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိတာ၊ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ မကိုက်ညီတာအပြင် စစ်မှန်တဲ့ နိုင်ငံရေးဖြေရှင်းချက်မဟုတ်တဲ့ ရွေးကောက်ပွဲက အတုအယောင်သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် စစ်တပ်ပြုလုပ်မယ့် လွတ်လပ်မှုမရှိ၊ နိုင်ငံတကာအသိအမှတ်မပြုတဲ့ ထောင်ချောက်ဆင် အတုအယောင်ရွေးကောက်ပွဲကို ကော်သူးလေနဲ့ တပြည်လုံးရှိ တိုင်းရင်းသားပြည်သူအားလုံး ကန့်ကွက်ဆန့်ကျင်ဖို့ KNU က နှိုးဆော်ထားပါတယ်။
ဒါ့အပြင် KNU အုပ်ချုပ်နယ်မြေတွေမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ခွင့်မပြုဘဲ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။








