ဇန်နဝါရီလ (၂၂)ရက်။
မနေ့က နေ့လယ် (၁)နာရီခန့်က ကန့်ဘလူမြို့ပေါ်က လူငယ် (၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
“ ဖမ်းတာတွေက အခုမှမဟုတ်ဘူး အရင်ကထဲက ညဘက်တွေဝင်ဆွဲတာ။ အခုက နေ့ခင်းကြီးလဲ ပေါ်တင်ဝင်ဆွဲတာ။ မြို့ပေါ်လဲ လူငယ်တွေ မကျန်တော့ဘူး အကုန်ပြေးနေကြရတယ်။ မဲမနှိုက်ဘဲ ဆွဲခံရသူတွေလဲ အများကြီးပဲ” လို့ ဆိုပါတယ်။
မြို့ပေါ်ရှိ ရင်ကွက်တွေမှာ စစ်ကောင်စီလက်အောက်ခံ ဝါသဝပြည်သူ့စစ်အဖွဲ့က စစ်မှုထမ်းဖို့ (၈၀)ဦးအထိ တောင်းယူနေတယ်လို့ သိရကာ မနေ့က အမှတ်(၂)ရက်ကွက်မှာ ဘိလိယက်ထိုးနေတဲ့ လူငယ် (၇)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။
“ မနေ့က နေ့လယ်(၂)နာရီလောက် အမှတ်(၁)ရပ်ကွက်ဘက် မဲနှိုက်ရတယ်လို့ကြားတယ်။ အသက်က (၃၅)ကနေ (၅၀)အတွင်းထိပါတယ်လို့ပြောတယ်။ အခုက ပိုက်ဆံပေးနိုင်ရင် ရတယ်။ မပေးနိုင်တဲ့ အခြေခံလူတန်းစားတွေပဲ ဒိုင်ခံ လိုက်နေရတာ” လို့ မြိုခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ (၁၅)ရက်နေ့ကလဲ ကန့်ဘလူမြို့ ကန်စွန်းအင်းရွာနဲ့ ကန်သာလှရွာက လူငယ် (၃၀)ကျော်ကို မြို့နယ်ထွေအုပ်ရုံးဘေးရှိ One Stop Service ရုံးကို ဖမ်းဆီးခေါ်ဆောင်ကာ ကန့်ဘလူ(၆၀၀၆)ကနေ Mi17 နဲ့ (၂)ကြိမ် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ မနေ့က ဘိလိယက်ခုံကို ဝင်ဖမ်းတော့လဲ ထွက်ပြေးရင် အကုန်ပစ်သတ်ဆိုပြီးပြောတယ်။ ရွာတွေဘက်မှာလဲ အိမ်ထောင်စုစာရင်းတွေတောင်းလို့ ရွာသူကြီးကိုပေးရတယ်။ အဲ့လိုပေးပြီး ညပိုင်း ဝင်ဆွဲတာ။ မနေ့က ကလေးတွေကို အမှတ်(၂)ဥက္ကဋ္ဌ မိုးကျော်ကိုယ်တိုင် ဦးဆောင်ပြီး ဝင်ဆွဲတာ။ ထွက်ပြေးဖို့လဲ မလွယ်ဘူး၊ ရပ်ကွက်တွေမှာ ညတိုင်း ပေါ်တာဆွဲနေတာ” လို့ ဆက်ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဝါသဝဟာ ကန့်ဘလူခရိုင်ထဲ ပျုစောထီးနဲ့ စစ်မှုထမ်းအင်အား ဘယ်လောက်ရှိတယ်ဆိုတာကို အမြဲလိုလို ကြွားလုံးထုတ် ဝါဒဖြန့်နေပေမယ့် လက်တွေ့မှာတော့ ထိခိုက်သေဆုံးတာတွေ များနေတာပါ။
အခုလို ပျုစောထီးအင်အား မလျော့သွားစေဖို့အတွက်ဆိုပြီး သူတို့စိုးမိုးထားတဲ့ မြို့ပေါ်နဲ့ အနီးကျေးရွာက လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်တာနဲ့ ပျူစောထီးသင်တန်းပေးတာတွေကို အင်အားသုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။