ဩဂုတ်လ (၂၂)ရက်။
စစ်ကော်မရှင်ခန့်ထားတဲ့ ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ နယ်မြေစည်းရုံးရေးလုပ်တာတွေကို ဩဂုတ်လ (၁၈)ရက်နေ့ကစပြီး ခွင့်ပြုထားတယ်လို့ ရွေး/ကော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဝန်ကြီးတွေအနေနဲ့ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်ရင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေဖို့ စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ပြုတာလို့ ဆိုပါတယ်။
အဲ့ဒီလို စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုတဲ့အထဲ တရားသူကြီးချုပ် ဒါမှမဟုတ် တရားသူကြီး၊ ခြေ/ဥခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်၊ ရှေ့နေချုပ်/ဒုရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နဲ့ ရာထူးဝန်အဖွဲ့တွေလဲ ပါဝင်ပါတယ်။
နောက်ပြီး ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးတဲ့နောက်ပိုင်းမှာ ရွေး/ကော်ကနေ ထုတ်ပြန်ပေးမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကြိုတင်မဲတွေအတွက် ပြည်ပရောက်မဲဆန္ဒရှင်တွေအနေနဲ့ ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ(၁၅)တွေကို သက်ဆိုင်ရာသံရုံးတွေမှာ ဩဂုတ်လ (၂၁)ရက်နေ့ကစပြီး ထုတ်ယူနိုင်တယ်လို့ အသိပေးထားပါသေးတယ်။
အဲ့ဒီကြိုတင်မဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ အချက်အလက်ဖြည့်သွင်းပြီးတဲ့ ပုံစံ(၁၅)တွေကို စက်တင်ဘာလ (၈)ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ဖို့ကိုလဲ ကြေညာထားပါတယ်။
စစ်တပ်က ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ဖို့ စီစဉ်နေပြီး တဖက်မှာလဲ နိုင်ငံအနှံ့မှာ စစ်ရေးအရ ဖိအားပေးတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
