ဩဂုတ်လ (၂၂)ရက်။
ကန့်ဘလူမြို့နယ်ထဲ အခွန်ဘဏ္ဍာစည်းကြပ်ရာမှာ ငွေကြေးအလွဲသုံးစားလုပ်တာတွေရှိရင် သတင်းပေးတိုင်ကြားဖို့ မြိုနယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ကန့်ဘလူမြို့နယ်ထဲ အခွန်ကောက်ခံတဲ့ ဂိတ်(၄)ခုထားရှိပြီး (၃)ပိုင်းဖြတ်အခွန်ချလံတွေနဲ့ စနစ်တကျ ဆောင်ရွက်နေကာ လမ်းတံတားကော််မတီတရပ်ကို ဖွဲ့စည်းထားပြီး ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အခွန်ဂိတ်တွေကို အဖွဲ့ပေါင်းစုံ ပါဝင်စေဖို့ ဆောင်ရွက်နေပြီး ပြည်သူလူထုပေးဆောင်တဲ့ အခွန်ဘဏ္ဍာငွေကို အလေအလွင့်မရှိစေဘဲ တော်လှန်ရေးအတွက် ထိရောက်စွာ သုံးစွဲနိုင်ဖို့ ပြုပြင်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အခွန်ဘဏ္ဍာငွေ စည်းကြပ်ရာမှာ ငွေကြေးအလွဲသုံးစားလုပ်တာတွေရှိရင် သတင်းပေးတိုင်ကြားဖို့နဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ မြို့နယ်ပအဖက အသိပေးထားပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်စပ်ပစ္စည်းတွေ၊ တရားမဝင်ပစ္စည်းတွေ တင်ဆောင်တာမပြုကြဘဲ သတ်မှတ်နှုန်းထားအတိုင်း အခွန်ဆောင်ပြီး ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် အခွန်ဂိတ်တွေမှာ ရွှေမှော်ပစ္စည်းတွေကို ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီး (၂၀)ရာခိုင်နှုန်း သတ်မှတ်ကောက်ခံကာ ဘတ်ဟိုးအကြီး(၁)စီးကို ကျပ်သိန်း(၂၀)အထိ အများဆုံး သတ်မှတ်ကောက်ခံနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခွန်ဂိတ်တွေမှာ စည်းကြပ်ကောက်ခံတာနဲ့ပတ်သက်ပြီး ဂိတ်တိုင်းမှာ အခွန်ဆောင်ခိုင်းနေတာတွေရှိတဲ့အပေါ် အခွန်ချလန်ဖြတ်ပြီးပါက အခြားနယ်တွေမှာ ထပ်မံပေးဆောင်စရာမလိုတော့ဘဲ ကုန်စည်ထပ်တင်တာမျိုးရှိမှသာ ထပ်ဆောင်ရမှာဖြစ်တယ်လို့လဲ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

